Categories

Jul 06, 2025

Blog Image
အာရှူရာနေ့တွင် ကျင့်ဆောင်ရာများ

မုအ်မင်န်တို့၏ မိခင်မွန်ကြီး ဟဇရသ်အာအိရှဟ် ရသွီယလ္လာဟုအန်ဟာထံမှ ဆင့်ပြန်ချက်လာသည်။ တမန်တော်မြတ် မုဟမ္မဒ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်က မိန့်ထားသည်မှာ ရမဿွာန်၏ ရိုဇဟ်ပြီးလျှင် အာရှူရာနေ့ (မုဟရ်ရမ်လ ဆယ်ရက်နေ့) ၏ ရိုဇဟ်သည် အမြတ်ဆုံးဖြစ်ပေသည်။ (မစ်ရှ်ကားသ်ကျမ်း)


ဟဇရသ်အိဗ်နေအဗ်ဗါးစ် ရသွီယလ္လာဟုအန်ဟုမာက ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် နဖိလ်ရိုဇဟ်များတွင် အာရှူရာနေ့၏ ရိုဇဟ်ကို အထူးပင် အလေးအနက်ထားပေသည်။

(အစ္စလာမီမဟီနွန်းကေး ဖဇာအေလိုအဟ်ကားမ်)


ဟဇရသ်အိဗ်နေ့အဗ္ဗားစ် ရသွီယလ္လာဟု အန်ဟုမာသခင်က ဆင့်ပြန်ထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် မဒီနာမြို့သို့ ကြွမြန်းလာသောအခါ ယဟူဒီတို့ အာရှုရာရိုဇာထားကြသည်ကို တွေ့လေသည်။ ၎င်းတို့ ရိုဇာထားရခြင်းအကြောင်းကို မေးမြန်းရာ ဤအာရှုရာနေ့မြတ်၌ပင် အလ္လာဟ်အရှင်မြတ်က မူစာ အလိုင်ဟိစ္စလာမ်အား ဖိရ်အောန်အပေါ် အနိုင်ရမှုကို ချီးမြှင့်ခဲ့သည်။ ဤအတွက်ကြောင့် ကျွန်ုပ်ယဟူဒီတို့သည် ထိုနေ့ကို တန်ဖိုးထား လေးစားသည့်အနေဖြင့် ရိုဇာထားရခြင်း ဖြစ်ပါသည်ဟု ပြောပြပေသည်။ ထိုအခါ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်က မိန့်သည်မှာ ငါတို့သည် မူစာ အလိုင်ဟိစ္စလာမ်နှင့် နီးစပ်မှုတွင် အသင်တို့ထက် သာပိုပေသည်။ ၎င်းနောက် ထိုနေ့တွင် ရိုဇာထားရန် အမိန့်ပေးတော်မူသည်။


ဟဇရသ်အာအိရှဟ် ရသွီယလ္လာဟုအန်ဟာ၏ ဆင့်ပြန်ချက်တစ်ခုကို အဗူဒါဝူးဒ်ကျမ်းတွင် ဖော်ပြထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်နှင့် ကုရိုက်ရှ်အမျိုးသားတို့သည် အစ္စလာမ့်ရှရီအသ် မကျရောက်မီကတည်းက အာရှုရာရိုဇာကို ထားခဲ့ကြသည်။ မဒီနာမြို့တော်သို့ ကြွမြန်းလာပြီးသည့် နောက်ပိုင်းတွင်လည်း တမန်တော်မြတ်သည် ကိုယ်တိုင် အာရှုရာရိုဇာ ထားသလို အခြားသူများကိုလည်း ရိုဇာထားကြရန် တိုက်တွန်းသည်။ ရမသွာန်ရိုဇာ ဖရဇ်ဖြစ်ပြီးသည့်နောက် ရမသွာန်၏ရိုဇာသာလျှင် ဖရဇ်ဖြစ်တော့သည်။ အာရှုရာရိုဇာထားရန် ဝါဂျိဗ်တာဝန်အဖြစ် မရှိတော့ပေ။ အကြင်သူသည် အာရှုရာရိုဇာကို ထားလိုက ထားနိုင်ပြီး၊ မထားလိုပါကလည်း မထားခွင့်ရှိသည်။ (အဗူဒါဝူးဒ်ကျမ်း)


အစ္စလာမ်၏ အစကနဦးပိုင်း၌ ရမသွာန်လတွင် ရိုဇာထားခြင်းအား ဖရဇ်အဖြစ်မသတ်မှတ်မီက အာရှုရာနေ့တွင် ရိုဇာထားရန် ဝါဂျိဗ်တာဝန်ဖြစ်ခဲ့သည်။ ရမသွာန်၏ အမိန့်ကျရောက်ပြီးနောက် အာရှုရာရိုဇာသည် ဝါဂျိဗ်တာဝန်အဖြစ် မကျန်ရှိတော့ပေ။


ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင် အဗ်ဒွလ္လာဟ်ဗင်န်မူစာ ရသွီယလ္လာဟု အန်ဟု၏ ဆင့်ပြန်ချက်ကို ပြန်လည်ဖော်ပြထားသည်မှာ ရစူလွလ္လာ ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် အာရှုရာနေ့၏ ရိုဇာကို အခြားနေ့များ၏ ရိုဇာထက်၊ ရမသွာန်လမြတ်၏ ရိုဇာကို အခြားလများ၏ ရိုဇာထက် သာပို၍ ဦးစားပေးတော်မူခဲ့သည်။ မွတ်စ်လင်မ်ကျမ်းတွင် ဟဇရသ်ဂျာဗိရ်ဗင်န်စမုရဟ် ရသွီယလ္လာဟု အန်ဟု၏ ဆင့်ပြန်ချက်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် ကိုယ်တိုင်လည်း အာရှုရာ၏ ရိုဇာကို ထားတော်မူသည်။ ကျွန်ုပ်တို့ကိုလည်း ထိုနေ့တွင် ရိုဇာထားကြရန် တိုက်တွန်းတော်မူသည်။ ၎င်းနောက် ကျွန်ုတို့အား ထိုနေ့တွင်ရိုဇာထားမည်ဟု ဝန်ခံခိုင်းလေသည်။ သို့သော် ရမသွာန်လ၏ရိုဇာ ဖရဇ်ဖြစ်ပြီးနောက်တွင် ကိုယ်တော်သည် အာရှုရာရိုဇာနှင့် ပတ်သက်၍ အမိန့်မပေးတော့ပေ။ တားမြစ်တော်မူခြင်းလည်း မရှိ။ ကျွန်ုပ်တို့ထံမှာ အာရှုရာရိုဇာနှင့်ပတ်သက်၍ မည်သည့်ဝန်ခံချက်မှ ယူခြင်းလည်း မရှိတော့ပေ။ ဖော်ပြပါရိဝါယသ်များဖြင့် သိရသည်မှာ အာရှုရာနေ့မြတ်၏ ရိုဇာသည် ယခုအချိန်တွင် ဝါဂျိဗ်၊ ဖရ်ဇ်တော့မဟုတ်တော့ပေ။ သို့သော် မြတ်နဗီ (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်)၏ စွန္နသ်တော် နှင့် အကျိုးကျေးဇူးများလှသော အမလ်တစ်ခုတော့ မုချဖြစ်ပေသည်။


အာရှူရာ၏ ရိုဇဟ်သည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် စွဲမြဲစွာ ထားခဲ့သည့် စွန္နသ်ရိုဇဟ်များထဲမှ ဖြစ်ပါသည်။ စွန္နသ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် မုစ်လင်မ်တိုင်း စွန္နသ်ကို ကျင့်သုံးရပါမည်။ အာရှူရာကို ရိုဇာနှစ်လုံးထားရခြင်းအကြောင်းကို ဆက်လက်ဖော်ပြပါမည်။


ဟဇရသ်အိဗ်နေအဗ်ဗါးစ် ရသွီယလ္လာဟုအန်ဟုမာက ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် ဟစ်ဂ်ျရီ ဆယ်ခုနှစ်တွင် တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိဝစလ္လမ်သည် ကိုယ်တိုင် ရိုဇာထားသည်။ အဆ်ွဟာဗ်တော်များကိုလည်း ရိုဇဟ်ထားကြရန် အမိန့်ပေး၏။ တဆက်တည်း မိန့်သည်မှာ ရှေ့နှစ်တွင်လည်း ဤနေ့နှင့် ကြုံရပါမူ မုဟ်ရ်ရမ်လ၏ ကိုးရက်နှင့် ဆယ်ရက် သို့မဟုတ် ဆယ်ရက်နှင့် ဆယ့်တစ်ရက်တို့တွင် ရိုဇဟ်ထားမည်။ သို့မှသာ ယဟူဒီနှင့် မုစ်လင်မ်တို့တွင် အာရှူရာရိုဇဟ်ထားပုံခြင်း ကွာခြားသွားပါမည်။ (အစ္စလာမီမဟီနွန်းကေး ဖဇာအေလိုအဟ်ကားမ်)


အာရှူရာရိုဇာကို နှစ်လုံးထားရခြင်းမှာ မုစ်လင်မ်နှင့် မုစ်လင်မ်မဟုတ်သူများတွင် ကွဲပြားမှု၊ ခြားနားမှုရှိစေရန် ဖြစ်ပေသည်။


ဟဇရသ်အဗူကသာဒဟ် ရသွီယလ္လာဟုသအာလာအန်ဟုထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်မိန့်သည်မှာ အရဖာနေ့၏ ရိုဇဟ်သည် ထိုနေ့တွင် ရိုဇဟ်ထားသူ၏ နှစ် နှစ်စာ (ရိုဇဟ်ထားသည့် နှစ်နှင့် ပြီးခဲ့သည့်နှစ်၏) ပြစ်မှုငယ်များအတွက် အစားပေးချေမှုဖြစ်စေသည်။ အာရှူရာရိုဇဟ်သည် တစ်နှစ်စာ ပြစ်မှုများအတွက် အစားပေးချေမှု ဖြစ်စေပါသည်။ (မုစ်လင်မ်ကျမ်း)

(အစ္စလာမီမဟီနွန်းကေး ဖဇာအေလိုအဟ်ကားမ်)


** အာရှူရာအမလ်မှ သင်ယူစရာ

အာရှူရာ၏ အထူးအမလ်မှာ ရိုဇဟ်ထားခြင်းဖြစ်ပြီး ယင်းရိုဇဟ်ကို ယဟူဒီများလည်း ထားကြောင်း အထက်တွင်ဖော်ပြခဲ့ပါသည်။ သို့သော် ရိုဇဟ်ထားတာခြင်း တူသော်လည်း ထားပုံခြင်းမတူအောင် တမန်တော်မြတ်က လမ်းညွှန်ခဲ့သည်။ ကောင်းမှုပြုပုံခြင်းပင် အခြားသောဘာသာတစ်ခုနှင့်မတူပေ။ အဓိကမှာ အစ္စလာမ့် လုပ်ဆောင်ချက်အားလုံးသည် အခြားဘာသာတစ်ခုခုနှင့် မတူညီကြောင်းကိုပင် ဤအာရှူရာရိုဇဟ်က ပြသထားသည်။ ယနေ့အခါတွင် အများစုသော အစ္စလာမ့်ကောင်းမှုများသည် မုစ်လင်မ်တို့၏ လုပ်ရပ်များကြောင့် အခြားသော ဘာသာများနှင့် တူသွားရပေတော့သည်။ ပမာဆိုရသော် မတ်စ်ဂျိဒ်တွင် နမားဇ်ဖတ်ခိုင်းထားခြင်းသည် တစ်နေ့ငါးကြိမ်၊ တစ်ပတ် သုံးဆယ့်ငါးကြိမ်ဖြစ်သည်။ ဗလီသို့ တစ်ပတ် သုံးဆယ့်ငါးကြိမ်ရောက်ရမည်။ တစ်ပတ်တစ်ကြိမ် ဗလီတက်ခြင်းလုပ်ရပ်မျိုး အစ္စလာမ်တွင် မရှိပါ။ သို့သော် မုစ်လင်မ်တို့သည် တစ်ပတ် တစ်ကြိမ်၊ တစ်နှစ် နှစ်ကြိမ်မျှသာ ဗလီတက်ရမည်ဟု ခံယူထားသည်။ ဤသည်မှာလည်း အစ္စလာမ်က ကွဲပြားအောင် ခွဲခြားထားပေးမှုအား မုစ်လင်မ်တို့က ရောနှောလိုက်သည့် လုပ်ရပ်တစ်ခုဖြစ်သည်။ ဒုတိယပမာကို ပြရသော် ဗလီသို့ သွားရန်၊ ဗလီတွင် နမားဇ်ဖတ်ရန်တာဝန်သည် ယောက်ျားသားများအတွက်ဖြစ်ပြီး မိန်းမသားတွင် ယင်းတာဝန်မရှိပါ။ အခြားသူများတွင်  ဝတ်ကျောင်းများ၌ ယောက်ျား၊ မိန်းမ ရောနှောကာ ဘုရားဝတ်ပြုကြသည်။ အစ္စလာမ်က နေရာတစ်ခုခုတွင် ယောက်ျား၊ မိန်းမ ရောနေခြင်းကို မနှစ်သက်ပေ။ ထို့ပြင် တာဝန်ပိုင်းဆိုင်ရာ၊ ကုသိုလ်ရပုံခြင်းတို့တွင် ယောက်ျားမိန်းမတို့အား ပေးအပ်ထားသည့် တာဝန်အတိုင်း ကျေပွန်လျှင် ကုသိုလ်ရမည်ဟု မိန့်ပြီးသားဖြစ်သည်။ ထို့ကြောင့် ယောက်ျားများနည်းတူ မိန်းမများလည်း ဗလီသို့လာ၍ နမားဇ်ဖတ်နေရန် မလိုပေ။ အခြားသူများ၏ ဘာသာရေးဆိုင်ရာ အဆောက်အဦးများတွင် ဤသို့ခြားနားထားမှုလည်း မရှိ။ ယောက်ျားများ မိန်းမများ အားလုံး ရောပြွန်းနေသည်။ အစ္စလာမ်ကို ဤပုံစံများကို မနှစ်သက်ပါ။ သို့သော် မုစ်လင်မ်အမည်ခံ အုပ်စုတို့က မတူအောင် ခြားထားသည်များကို တူအောင် လိုက်တူနေကြသည်။ ဟဂ်ျကဲ့သို့သော မွန်မြတ်သည့် ခဝပ်မှုမျိုးတွင်ပင် မိန်းမသားများသည် ယောက်ျားများအကြား တိုးဝှေ့နေခြင်းထက် မိမိအခန်းတွင်း၌ နမားဇ်ဆောက်တည်ခြင်းက ပိုမြတ်ကြောင်း ဖိကဟ်ပညာရှင်တို့က ဖော်ပြထားသည်။ မုစ်လင်မ်တို့ကမူ အစ္စလာမ်က ခြားနားပေးထားသည်များကို အားလုံးနှင့်တူအောင် ရောနှောကြသည်။


တူသွားတိုင်း ကောင်းသည်မဟုတ်ပါ။ တန်ဖိုးမြင့်သည့်အရာက တန်ဖိုးနိမ့်သည်အရာနှင့် တူသွားလျှင် တန်ဖိုးရှိသည့်ပစ္စည်းက တန်ဖိုးကျသွားသည်သာ ဖြစ်၏။ တန်ဖိုးတက်လာခြင်း မရှိပါ။ ဤသည်ကို မုစ်လင်မ်တို့ ကောင်းစွာ သဘောပေါက်ထားရမည်။ ဝတ်စားဆင်ယင်မှုပိုင်းဆိုင်ရာတွင်လည်း ထိုနည်းတူပင်ဖြစ်၏။ မုစ်လင်မ်တစ်ဦး၏ ဟန်ပန်သဏ္ဍာန်သည် အခြားသူတစ်ဦးနှင့် လုံးဝမတူညီပေ။ တူလည်း မတူနိုင်ပေ။ အစ္စလာမ်ကို အသွေးအသားထဲက လက်ခံလာပါမူ မုစ်လင်မ်ပုံပေါက်အောင် နေရသည်ကို နှလုံးသားထဲကပင် လိုလား နှစ်သက်လာပေလိမ့်မည်။ အတွေးအခေါ်များတွင် သူတစ်ပါးထံ အောက်ကြို့ရေးကိုသာ ဦးစားပေးနေသဖြင့် ကိုယ်လက်ခံကျင့်သုံးနေသည့် အစ္စလာမ်သည် အဘယ်မျှ ထယ်ဝါခန်းနားကြောင်း မစဉ်းစားတတ်တော့ပေ။ မုစ်လင်မ်တစ်ဦး၏ သဏ္ဍာန်ဖြင့် အစ္စလာမ်ကို ဖော်ပြရန် သွေးမရှိတော့။ ကိုယ့်အစ္စလာမ်ကို ကိုယ်တိုင်အထင်မကြီး၊ သေးသိမ်နိမ့်ကျသည်၊ လူရာမဝင်ရဲ ဖြစ်နေသဖြင့် ဗမာပြည်ရှိ မုစ်လင်မ်တို့၏ အစ္စလာမ်သည်လည်း တခြားသူများ၏ အသုံးချခံ ဘောလုံးတစ်လုံး ဖြစ်နေရသည်။ အနင်းခံဘဝမှ ဦးဆောင်သူသို့ ရောက်ဖို့ရန် အစ္စလာမ်တရားဒေသနာများကို ဟောရုံ၊ ပြောရုံသာ ဆောင်ရွက်နိုင်တော့သည်။ မုစ်လင်မ်တွင် အစ္စလာမ်၏ အရောင်အဆင်းမရှိသဖြင့် သုံးမရသည့် ဒိုက်ပုံကြီးကဲ့သို့ပင် ပေါ်လောပေါ်နေပေတော့သည်။


ရောမ ရောက်ရင် ရောမလိုကျင့်ခြင်းဟူသည်မှာ ပေါင်းသင်းဆက်ဆံရေးပိုင်းဆိုင်ရာ၊ ရာသီဥတုစသည်တို့တွင်သာ အကြုံးဝင်မည်။ အစ္စလာမ်တွင် ပါဝင်သည့် ယုံကြည်ချက်၊ ခဝပ်မှု၊ လူမှုဆက်ဆံရေး၊ အရောင်းအဝယ်ပုံစံ၊ စားသောက်ပုံစံ စသည်များ အားလုံးသည် မည်သည့်ဘာသာနှင့်မျှ မတူသည့် စည်းကမ်း၊ နည်းစနစ်များ ဖြစ်သည်။ ယုံကြည်ချက်မှစ၍ သေသူအား လုပ်ကိုင်ပေးရသည်အထိ အစ္စလာမ်၏ လုပ်ကိုင်ပုံနှင့် တခြားသူတို့၏ လုပ်ကိုင်ပုံသည် မတူပါ။ မတူအောင် ခွဲထားသည်များအား မတူသည့်အတိုင်းသာ ထားရပါမည်။ ထို့ပြင် မုစ်လင်မ်တို့သည် မိမိတို့ လက်ခံကျင့်သုံးနေသည့် အစ္စလာမ်တွင် မည်သို့သော နည်းစနစ်များ၊ စည်းကမ်းများရှိသည်ကို အချိန်တိုင်း လေ့လာရပါမည်။


အာရှူရာ၏အမလ်က အစ္စလာမ်၏ လုပ်ဆောင်ချက်သည် အခြားသူများနှင့် နည်းနည်းလေးမှ မတူကြောင်း၊ မတူအောင်လုပ်ရကြောင်းကို သင်ပေးနေပါသည်။ ကောင်းမှုလုပ်ခြင်းဖြစ်သော်လည်း လုပ်ကိုင်ပုံခြင်း မတူအောင် ခွဲခြားပေးခဲ့သည်။ ထို့ကြောင့် ခွဲခြားရမည့် နေရာတွင် ခွဲခြားရမည်။ ကွဲပြားရမည့် နေရာတွင် ကွဲပြားရပါမည်။ မတူရမည့်နေရာတွင် မတူခြင်းသည် အပြစ်မဟုတ်ပါ။ သိမ်ငယ်နိမ့်ကျစရာလည်း မဟုတ်ပါ။ ယနေ့အခါသမယတွင် မတူအောင် လုပ်သည်။ ထို့အတူ ရှေးရိုးကျသည့် နည်းများက ပို၍အောင်မြင်နေကြောင်း ဗဟုသုတအစုံ လေ့လာဖူးပါက သိပါလိမ့်မည်။ ပိုဟောင်းသည့်အရာက ပို၍ဈေးကြီးပါသည်။ အစ္စလာမ်သည် ကမ္ဘာ့လူသားထုအားလုံးအတွက် လူနေမှုလမ်းညွှန်စနစ် ဖြစ်သည်ကို မုစ်လင်မ်တို့ကိုယ်တိုင် အချက်အလက် တစ်ခုခြင်းစီကို ယုံကြည် လက်ခံရပါမည်။


**အာရှူရာမှာ ရိုဇဟ်ထားပါ ...

အာရှူရာနေ့တွင် ဖောသီစွာသုံးခြင်းဟူသည့် အမလ်တစ်ခုလည်း လူအများကြားတွင် ကျော်ကြားသည်။ လူအများကြားတွင်သာမက ပညာရှင်ကြီးများနှင့် ဟဒီးစ်ကျမ်းများတွင်ပါ ဖော်ပြထားသည်။ ယင်းသို့ ဖောသီစွာသုံးခြင်းနှင့် ပတ်သက်၍ ဆန်းစစ်ချက်နှစ်ခုကို ဤနေရာတွင် ဖော်ပြပေးပါမည်။ မုဟရ်ရမ်လသည် မြင့်မြတ် ထူးမြတ်သည့် လတစ်လဖြစ်ကြောင်း ကုရ်အာန်ကျမ်းတွင် အတိအလင်း ပါထားသလို အာရှူရာ၏ ရိုဇဟ်သည်လည်း အလွန်မွန်မြတ်ကြောင်း တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်ကိုယ်တိုင် လက်တွေ့ ကျင့်သုံးပြခဲ့သည်။ ထို့ပြင် ဤမုဟရ်ရမ်လ၌ပင် အစ္စလာမ်၏ ဒေါက်တိုင်၊ ရန်သူအပေါင်း ကြောက်ရသူများအား လုပ်ကြံခဲ့ကြသည်။ အစ္စလာမ်ကို ဆန့်ကျင်သည် အုပ်စုများ ပေါ်လာကြသည်။ အချစ်ကြီးသူများနှင့် အမုန်းကြီးသူများ ဆုံကြသည့် လတစ်လ ဖြစ်ပါသည်။ စာရှူသူများ အားလုံးအသိဖြစ်သော ကရ်ဗလာဖြစ်ရပ်အပါအဝင် တမန်တော်မြတ်၏ မြေးများ ရှဟီးဒ်ပြုခံသလို ခလီဖာစနစ်စတင်ပျက်စီးက မုစ်လင်မ်များအတွင်း သဘောထားများ ကွဲခဲ့ကြသည့် လတစ်လဖြစ်သည်။ ကရ်ဗလာဖြစ်ရပ်ကို ဝမ်းနည်းလွန်သူများရှိသလို ယင်းဖြစ်ရပ်ကိုပင် ကျေနပ်ပျော်ရွှင်သူများလည်း ရှိပေသည်။ အဲဟ်လေဗိုင်သ်များ ရက်ရက်စက်စက် အသတ်ခံရသည်ကို ပျော်သူများဘက်ကလည်း ၎င်းတို့၏အပျော်သည် အဲဟ်လေစွန္နသ်များအတွင်း ကူးစက်သွားစေရန်၊ ပျော်သည့် သဏ္ဍာန်ကိုဆောင်သည့် အမလ်များဖြစ်စေရန် လုပ်ကြံဟဒီးစ်များကို ဖြန့်ခဲ့သည်။ ဝမ်းနည်းသူများ၏ လုပ်ရပ်ကမူ အထင်အရှားပင်၊ ရင်ထုသည်။ ဓါးနှင့် မွှန်းသည်။ ငိုသည့် အခမ်းအနားများ လုပ်ကြသည်။ အဲဟ်လေစွန္နသ်သည် အလယ်အလတ်လမ်းစဉ် ဖြစ်ခြင်းကြောင့် အပျော်လွန်ရန်လည်း မလိုအပ်သလို ဝမ်းနည်းပိုပြရန်လည်း မလိုအပ်ပေ။ လုပ်ကိုင်ရမည့် နည်းစနစ်ကို တမန်တော်မြတ်က ကျင့်သုံးပြခဲ့ပြီးဖြစ်သည်။ ထို့အတူ အဲဟ်လေစွန္နသ်၏ ဓမ္မသတ်ပညာရှင်ကြီးများကလည်း အချိန်တိုင်း စမ်းစစ် ကြည့်ရှုကာ သင့်တော်သည့် ဓမ္မသတ်များကို ထုတ်ပြန်ပေးနေခဲ့သည်။ ထို့ကြောင့် ဤအာရှူရာအမလ်တွင် ဖောသီစွာသုံးခြင်းဟူသည် အဲဟ်လေဗိုင်သ်၊ ကရ်ဗလာဖြစ်ရပ်များအပေါ် ဝမ်းသာလွန်နေသူတို့က လုပ်ကြံပေးလိုက်သည့် လုပ်ရပ်တစ်ခုများ ဖြစ်နေမည်လားဟူသည်ကို ဟဇရသ်မုဖ်သီရရှီးဒ်အဟ်မဒ် ဟောထားသော (منکرات محرم ) အမည်ရှိ ဟောကြားမှုမှ ကောက်နှုတ်ဖော်ပြပေးပါမည်။


** ဤနေ့နှင့်ပတ်သက်၍ စွန္နသ် (ဟဒီးစ်)ဖြင့် အတည်ဖြစ်ထားသည့်အမလ်မှာ တစ်ခုသာရှိပြီး ယင်းမှာ ရိုဇဟ်ထားခြင်း ဖြစ်၏။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်က မိန့်သည်မှာ မုဟရ်ရမ်ဆယ်ရက်နေ့တွင် ရိုဇဟ်ထားခြင်းဖြင့် လွန်ခဲ့သည့်နှစ် တစ်နှစ်စာ ပြစ်မှုငယ်များအား ပလပ်မှုချီးမြှင့်သည်။ ပုဂ္ဂိုလ်တစ်ဦးက အို တမန်တော်၊ ဤနေ့တွင် ယဟူဒီများလည်း ရိုဇဟ်ထားကြပါသည်ဟု ပြောရာ တမန်တော်က အကယ်၍ ရှေ့နှစ်တွင် အသက်ရှင်လျှက်ရှိသေးပါမူ နောက်ထပ်ရိုဇဟ်တစ်လုံးဖြင့် ထပ်တွဲထားမည်ဟု မိန့်ပေသည်။ ထို့ကြောင့် မုဟ်ရမ် ကိုးရက်နှင့် ဆယ်ရက် သို့မဟုတ်၊ ဆယ်ရက်နှင့် ဆယ့်တစ်ရက်ကို ရိုဇဟ်ထားရမည်။ ဤသည်မှာ အာရှူရာ၏ အမလ်ဖြစ်သည်။ နောက်ထပ်အမလ်တစ်ခုနှင့် ပတ်သက်၍ ဟဇရသ်က အောက်ပါအတိုင်း ဆက်လက်ပြောထားသည်။ (ထိုဆင့်ပြန်မှုမှ တမန်တော်မြတ်ကိုယ်တိုင် ရိုဇဟ်ထားခြင်း အမလ်ကို အထူးအလေးထားကြောင်း သိရသည်။)



အာရှူရာနေ့တွင် မိမိ၏ မိသားစုအတွက် ဖောသီစွာသုံးစွဲလျှင် တစ်နှစ်ပတ်လုံး စားနပ်ရိက္ခာ ချောင်လည်မည်ဖြစ်သည်။ (အထက်ပါစာသားကို ဟဒီးစ်ဟုအမည်တပ်ထားသည်) ထင်ရှားကျော်ကြားသော ဟဒီးစ်ပညာရှင်များက ယင်းစာသားကို အချေအမြစ်မရှိသော ဆင့်ပြန်ချက်ဟု သတ်မှတ်ထားသည်။ ထို့ပြင် လူအများကြးတွင် ယင်းသို့လုပ်ဆောင်ခြင်းက စဝါးဗ် ကုသိုလ်ရမည့်လုပ်ရပ်ဟု ထင်နေသည်။ ထိုသို့ ကုသိုလ်ရမည့် လုပ်ရပ်ဟု ထင်မြင်ခြင်း၊ ယင်းသို့ယူဆ၍ လုပ်ဆောင်ခြင်းကို ရှောင်ရန်၊ မိမိ၏ အတွေးထဲမှ ထုတ်ရန် အရေးကြီးပါသည်။ ရှရီအသ်က ယင်းသို့ ဖော်သီစွာသုံးစွဲခြင်းကို စဝါးဗ်ရမည်ဟု မပြောထားပေ။ စဝါးဗ်ရမည်ဟု ထင်မြင်လိုက်ခြင်းကပင် ဗိဒ်အသ် ဖြစ်သွားပေသည်။ ဗိဒ်အသ်တိုင်းသည် လမ်းမှားမှုချည်းသာဖြစ်၍ လမ်းမှားမှု၏ အဆုံးသည် ဂျဟန္နမ် ငရဲသာလျှင် ဖြစ်ပါသည်။


ယင်းလုပ်ရပ်အား စဝါးဗ်ရမည်ဟု မရည်ရွယ်ဘဲ ရိုဇီချောင်လည်ရန်သာ ရည်ရွယ်၍ လုပ်ဆောင်ပါသည်ဟု ဆိုလျှင်လည်း စဝါးဗ်ရမည်ဟု ရည်ရွယ်၍ လုပ်နေသူများ၏ လုပ်ရပ်ကို ဝိုင်း၍ ထောက်ခံပေးသည်နှင့် အတူတူပင် ဖြစ်သည်။ လုပ်ရပ်တစ်ခုခုသည် စွန္နသ်နှင့် ဗိဒ်အသ်အတွင်း ဆင်တူဖြစ်လာပါက ထိုအလုပ်ကို မလုပ်ရန် ဝါဂျိဗ်ဖြစ်သည်။ ထို့ပြင် ရိုဇီကျယ်ဝန်းခြင်း၊ ရိက္ခာကြွယ်ဝရန် အခြားသော နည်းစနစ်များစွာ ရှိပါသည်။ ရိုဇီကြွယ်ဝရန် အကောင်းဆုံးနှင့် အထိရောက်ဆုံးသော အမလ်မှာ ပြစ်မှု(မကောင်းမှု) ကြီးငယ်ဟူသရွေ့မှ ရှောင်ခြင်း၊ သောင်ဗဟ်၊ အိစ်သိဂ်ဖာရ်တို့ ဖြစ်ပါသည်။ ဤအမလ်မှာ တိုတောင်းလွယ်ကူပြီး ကုရ်အာန်၊ ဟဒီးစ်တို့တွင် ထင်ရှားစွာ ဖော်ပြထားသည်။ ရိုဇီပေါများစေရန်အတွက် ထိုသို့သော အမလ်များကိုမူ မကျင့်သုံးဘဲ စားရမည့် အမလ်ကိုမူ ကျင့်သုံးကြသည်။ စားရသည်ကို ဦးစားပေးကြသည်မှာလည်း လျှာပေါ်တွင် အရသာတွေ့ကာ ကိုယ့်ဗိုက်ထဲရောက်မည့် အမလ်မျိုးဖြစ်သဖြင့် လိုလိုလားလား မှတ်မှတ်ရရ ရှိနေခြင်း ဖြစ်၏။ အိစ်သိဂ်ဖာရ်လုပ်ခြင်း၊ ဂုနာဟ်စွန့်လွှတ်ခြင်းတို့သည် အမှန်တကယ် ရိုဇီချောင်လည်စေသည် မှန်သော်လည်း လူသားဗိုက်ထဲ ဘာမှမရောက်၊ ထပ်၍ပင် အနစ်နာခံ စွန့်စား စွန့်လွှတ်ရမည်ဖြစ်သောကြောင့် ကျယ်ကျယ်ပြန့်ပြန့် လူသိမများပေ။ ယင်းအမလ်တွင်လည်း ရိုဇီပေါများစေမည့် အစွမ်းသတ္တိများပါကြောင်း မဖော်ပြကြပေ။ စားရမည့်အမလ်ကိုမူ လိုလားသည်။......။


အလ္လာဟ်အရှင်မြတ် တားထားသည်များကို မရှောင်၊ ခိုင်းထားသည်များကိုမလုပ်ဘဲ ရိုဇီ၏ ပိုင်ရှင်ကို စိတ်ဆိုးအောင်လုပ်ထားလျှင် အဘယ်မျှကောင်းသည့် ကျင့်စဉ်အညွှန်းပင် ဖြစ်ပါစေ ရိုဇီချောင်လည်လာမည်မဟုတ်ပါ။ (ရိုဇီချောင်လည်ခြင်းဟူသည်မှာ ပိုက်ဆံရနေခြင်း တစ်ခုတည်းကို မဆိုလိုပါ။) ရိုဇီကြွယ်ဝလိုလျှင် အဓိက အရေးကြီးဆုံးကျင့်စဉ်မှာ ရိုဇီ၏ ပိုင်ရှင်ဖြစ်သော အလ္လာဟ်အရှင်မြတ် ကျေနပ်အောင် နှစ်သက်အောင် နေထိုင်ခြင်း၊ ပြစ်မှုအတွင်း သက်ဆင်းနေခဲ့သည့် သက်တမ်းအတွက်  သောင်ဗဟ်ပြု၍ ဂုနဟ်စွန့်ခြင်းသာ ဖြစ်ပါမည်။ (منکرات محرم، فقیہ العصر مفتی اعظم حضرت اقدس مولآنا رشید احمد)


အာရှူရာ၏အမလ်တွင် စွန္နသ်ဖြင့် အတည်ဖြစ်ပြီး တမန်တော်ကိုယ်တိုင် တစိုက်မတ်မတ် ကျင့်သုံးပြခဲ့သည်မှာ ရိုဇဟ်၏ အမလ်သာဖြစ်ကြောင်း အထက်ပါစကားများအပြင် အပေါ်ဆုံးတွင် တင်ပြခဲ့သည့် ဟဒီးစ်များမှ သိရပါသည်။ နဖိလ်ရိုဇဟ်ဖြစ်သော်လည်း တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ် စွဲမြဲစွာစောင့်ထိန်းခဲ့သည့် စွန္နသ်ရိုဇဟ် ဖြစ်ပါသည်။ ထို့ကြောင့် ရိုဇဟ်၏အမလ်သည် ပို၍ပြည့်စုံခိုင်လုံပြီး ကျင့်သုံးရန် အထူးသင့်လျော်ပါသည်။ မစားခြင်းအမလ်နှင့် စားခြင်းအမလ် ဆန့်ကျင်ဘက်နှစ်ခု တစ်နေ့တည်းတွင် ကျင့်သုံးနိုင်ကြောင်း ဆင့်ပြန်ထားသည့် ဆင့်ပြန်ချက်များအပေါ် ဟဒီးစ်၊ ဖိကဟ်ပညာရှင်တို့၏ သုံးသပ်ချက်အချို့ကို ဆက်လက်ဖော်ပြပါမည်။


ကာမူစွလ်ဖိက်ဟ် တွဲ ၄၊ စာ ၃၆၅တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။ အာရှူရာနေ့တွင် မိမိ၏ မိသားစုအတွက် ဖောသီစွာသုံးစွဲလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့၏ စားနပ်ရိက္ခာကို တစ်နှစ်ပတ်လုံး ချောင်လည်ပေးမည်ဖြစ်သည်။ (ဤနေရာတွင် ဟဒီးစ်ပညာရှင်တို့၏ ဟဒီးစ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုကို ချန်လှပ်ခဲ့ပါမည်။ လိုရင်းသာ ဖော်ပြမည်။) အိဗ်နေဂျောင်ဇီက ယင်းဟဒီးစ်ကို လုပ်ကြံဟဒီးစ်ဟု သတ်မှတ်ထားသည်။ မုဂျဒ်ဒိဒီးန် ဖီရိုးဇ်အာဗာဒီက ယင်းစာသားသည် ဟဇရသ် ဟုစိုင်းန် ရသွီယလ္လာဟုအန်ဟုကို သတ်လိုက်သည့် အုပ်စုတို့ဘက်က လုပ်ကြံပေးလိုက်သည့် ယုတ်မာမှုတစ်ခုပင် ဖြစ်သည်ဟု ဆိုထားသည်။ ထို့ပြင် အာရှူရာနေ့တွင် မျက်စိ၌ စုရ်မာစွဲလျှင် အကျိုးရမည်ဟူသည့် ဖော်ပြချက်များသည်လည်း ဟဇရသ်ဟုစိုင်းန်ကို သတ်လိုက်သည့် အုပ်စုတို့ဘက်က တစ်နည်း အဲဟ်လေဗိုင်းသ် ဒုက္ခရောက်သည်ကို ဝမ်းသာသူတို့ဖက်က ထွင်ပေးလိုက်သည့် ယုတ်မာချက်များပင် ဖြစ်ပါသည်။ အာရှူရာနေ့မြတ်အတွက် အစ္စလာမ်ရှရီအသ်အရ အတည်ဖြစ်သည့် အမလ်မှာ ရိုဇဟ်စောင့်ထိန်းခြင်း တစ်ခုသာဖြစ်ပြီး တခြားမည်သည့်လုပ်ရပ်မှ အတည်သတ်မှတ်ထားခြင်း၊ စေခိုင်းထားခြင်း လုံးဝမရှိပါ။ အဲဟ်လေဗိုင်းသ်ကို အချစ်လွန်သူများက ရင်ထုပွဲ ဝမ်းနည်းပွဲများ ကျင်းပသည်ကို ဆန့်ကျင်သောအားဖြင့် တစ်ဖက်တွင် ထို့နေ့မှပင် ထူးထူးခြားခြား ပျော်ရွှင် ဖော်သီစွာ သုံးစွဲခြင်း တစ်နည်း ပျော်ပြသည်ဟူသည့် နည်းနည်းလမ်းများကို ရွေးချယ်ကြပေသည်။ ထိုသို့သော ဆင့်ပြန်ချက်များ (အာရှူရာတွင် ပျော်ရွှင်မှုကိုထုတ်ဖော်သည့် လုပ်ရပ်များ)၏ ဇစ်မြစ်ကိုလိုက်လျှင် အဆုံးတစ်နေရာတွင် အဲဟ်လေ့ဗိုင်းသ်ကို မုန်းသူများ၏ လက်ချက်ဖြစ်ကြောင်းကို တစ်နည်းမဟုတ် တစ်နည်း တွေ့ရပေသည်။ (အဲဟ်လေဗိုင်းသ်အပေါ် မလိုဆန္ဒထားသူများထံသို့ အလ္လာဟ့် လအ်နသ်သည် ကိယာမသ်နေ့တိုင်အောင် ကျပါစေ) ထို့ပြင် အာရှူရာ၌ စားသောက်ရာတွင် ဖော်သီစွာ သုံးပါဟူသည့် စကားသည် ထိုနေ့၌ ရိုဇဟ်စောင့်ထိန်းကြပါဟူသည့် အမိန့်ပေးချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ကို အထင်အရှား မြင်နိုင်ပါသည်။ ( قاموس الفقہ)


စားခြင်းဆိုင်ရာ ဆင့်ပြန်ချက်များသည်လည်း အလွန်ခိုင်မာသည့် ဆင့်ပြန်သူအမည်များဖြင့် လာထားခြင်းဖြစ်ပါသည်။ သို့သော် စတင် လုပ်ကြံလိုသူများအဖို့ ယင်းအမည်များ ထည့်သွင်း သုံးစွဲရန် ဝန်လေးမည်မဟုတ်ပါ။ မိသားစုအား အာရှူရာတစ်ရက်ရောက်မှ ဖော်သီစွာ သုံးပေးရမည်မဟုတ်ပါ။ အချိန်တိုင်း နေ့တိုင်းတွင် ကောင်းမွန်သည့် ကိစ္စမျိုးတွေ့လျှင် ဖော်သီစွာ သုံးပေးရပါမည်။ တစ်ရက်တည်း မကန့်သတ်ထားပါ။ စားရမည်ဟူသည့် နေ့ကိုလည်း ရှရီအသ်က ပြပေးထားသည်။ စားရမည့်နေ့များမှာ ရှောက်ဝါလ် တစ်ရက်နေ့ (အီဒွလ်ဖိသိရ်) ဇုလ်ဟဂ်ျလ ၁ဝရက် (အီဒွလ်အဿ်ွဟာ) ၁၁၊ ၁၂၊ ၁၃ (အိုက်ယာမေ့သရှ်ရီးက်) ရက်များ ဖြစ်သည်။ ယင်းနေ့များတွင် ရိုဇဟ်ထားခွင့် လုံးဝမရှိပေ။ ကျန်ရှိရက်များတွင် ရိုဇဟ်၏အမလ်လုပ်ရန် ညွှန်ကြားထားသည်။ စားရန် မညွှန်ထားပေ။ စားရမည့်ရက်နှင့် ရိုဇဟ်ထားရမည့်ရက် တစ်ထပ်တည်း မဖော်ပြထားပါ။ အာရှူရာ၏ အမလ်တွင်မူ တစ်ဖက်တွင် ရိုဇဟ်၏အမလ်လုပ်ရန် အလွန်ထင်ရှားခိုင်မာစွာ ညွှန်ထားသည်။ တပြိုင်တည်း ကောင်းကောင်းစားရန်လည်း ညွှန်ထားသည်မှာ စဉ်းစားစရာဖြစ်၏။ ကောင်းကောင်းစားပြီးလျှင်လည်း တစ်နှစ်လုံးအတွက် အာမခံချက် ပေးထားပြန်သည်။ ပမာတစ်ခုနှိုင်းပြရလျှင် သေသူကို စဝါးဗ်ပို့ရာ၌ ကိုယ်တိုင် ထမင်းဟင်းများ ချက်ပြုတ်ကာ ကိုယ်တိုင်ပြန်စားပြီး သို့မဟုတ် သူဌေးများကိုပင် ပြန်ဖိတ်ကျွေးပြီး သေသူက ကုသိုလ်ရမည်ဟု မျှော်လင့်သည့်ပုံစံဖြစ်နေ၏။ ထို့ကြောင့် ဤသို့ ဆန့်ကျင်ဘက်အမလ်နှစ်ခု ဆုံနေခြင်းက အဲဟ်လေဗိုင်းသ်ကို မုန်းတီးသူတို့က သူတို့၏ အပျော်ကို ကျန်သူများပါ လိုက်လုပ်ကြရန် ယဉ်ယဉ်လေး ရိုက်သွင်းပေးလိုက်ခြင်းပင် ဖြစ်မည်ဟု ယူဆပါသည်။


အချုပ်ဆိုရသော် အာရှူရာနှင့်ပတ်သက်၍ အမလ်လုပ်လိုပါက အာရှူရာ ဆယ်ရက်နေ့ကို ကြားခံ၍ ကိုးရက်နှင့် ဆယ်ရက် သို့မဟုတ် ဆယ်ရက်နှင့် ဆယ့်တစ်ရက် ရိုဇဟ်ထားနိုင်သည်။ ထားနိုင်သူများအတွက် ထားခြင်းက အကောင်းဆုံးဖြစ်၍ မထားသူများက အထူးတလည် ပျော်ပြနေရန် လုံးဝမလိုအပ်ပါ။ မိမိ၏ တစ်နေ့တာ ပုံမှန်အတိုင်း နေထိုင်သွားလာ စားသောက်သကဲ့သို့သာ နေရပါမည်။ ထို့ပြင် အချိန်တိုင်း မှန်ကန်သည့် ကျင့်ဆောက်တည်မှုများကိုသာ ကျင့်နိုင်ရန်နှင့် အမှားဘက်က ထွင်လိုက်သည်များကို အမှန်ထင်လျက် လုပ်မိခြင်းမှ အလ္လာဟ်အရှင်မြတ် ထိန်းသိမ်းပါရန် အချိန်တိုင်း ဆုတောင်းပြုပါ။ အာရှူရာအပါအဝင် မုဟရ်ရမ်လ ကုန်သည်အထိ ဤလ၏ မွန်မြတ်မှု ထူးမြတ်မှုများ ရှိနေသည်ဖြစ်ရာ ပြစ်မှုများမှ အထူးရှောင်ကြဉ်ရပါမည်။ ရင်ထုပွဲ၊ ဓါးမွှန်းပွဲများအပါအဝင် ဘာသာခြင်းတို့၏ ဘာသာရေးဆိုင်ရာ ပွဲများကို ကြည့်ခြင်း၊ အားပေးခြင်းတို့လည်း မလုပ်ပါရန် အထူးတားမြစ်ပါသည်။ မကောင်းမှုကို အားပေးပါက ယင်းမကောင်းမှု၏ပြစ်ဒဏ်ကို အားပေးသူလည်း ရောခံရပါမည်။ လူငယ်အမျိုးသား၊ အမျိုးသမီးများ ကလေးငယ်များအား အထူးထိန်းသိမ်း သွန်သင်ပါ။ အလ္လာဟ့်ရန်သူများ၊ အစ္စလာမ်ရန်သူများကို အားပေးသည့် မုစ်လင်မ် အသင်တို့နှင့် အသင်တို့၏ မျိုးဆက်သစ်များ မဖြစ်ကြပါနှင့် ပြောရင်းဖြင့် ဤအကြောင်းအရာကို အဆုံးသတ်လိုက်ပါသည်။


Credit; အလ်မုဖီးဒ်

အိဗာဒါးသ် ကျင့်ဆောင်မှုများ အာရှူရာနေ့တွင် ကျင့်ဆောင်ရာများ

💬 0 comments

Recent Posts

Blog Image
အာရှူရာနေ့ တစ်ရက်တည်းတွင် ရိုဇဟ်ဥပုသ်စောင့်ခြင်း


မေးခွန်း- အာရှူရာနေ့တွင် တစ်ရက်တည်း ဥပုသ်စောင့်ခြင်းသည် မည်သို့နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင...


💬 0 comments More

Comments