Categories

Jul 06, 2025

Blog Image
လူတိုင်းအတွက်အစ္စလာမ်

အစ္စလာမ်သည် လူသားအားလုံး လိုက်နာ ကျင့်သုံးနိုင်သည့် လူ့ဘဝနေထိုင်မှုဆိုင်ရာ လမ်းညွှန်ချက်ဖြစ်၏။ အစ္စလာမ်၏ ယုံကြည်ချက်ပိုင်းဆိုင်ရာကို လက်ခံသူများသာမက အခြား မည်သူမဆို အစ္စလာမ်ကို မိမိတို့၏ လူ့ဘဝတွင် ထည့်သွင်းကျင့်သုံးနိုင်ပါသည်။ အစ္စလာမ်ဟူသည်မှာ အစ်လုပ်ရုံ ဗလီတက်ရုံမျှသာ ပါဝင်သော ဘာသာတစ်ခုမဟုတ်ပါ။ အစ္စလာမ် အသံကြားသည်နှင့် အမုန်းစကားများက နားဝတွင် ကန့်လန့်လာပိတ်ကာ အမှန်တရားကို မကြားရအောင် လုပ်ထားသည်။ အသိဥာဏ်ရှိသူများကမူ အမှန်ကို အမှန်အတိုင်း ရှုမြင်သုံးသပ်နိုင်ရန် ကိုယ်တိုင်ကိုယ်ကျ လေ့လာဆည်းပူးကြသည်။ သရက်သီး၏ အရသာကို ချဉ်သည့်ကာလတွင် စားပါက ချဉ်မည်။ ဖန်သည့်ကာလတွင် စားက ဖန်မည်။ ချိုသည့်အချိန် စားလျှင် ချိုပါမည်။ အချဉ်တစ်ခုစားပြီး သရက်သီးအားလုံး ချဉ်သည်ဟု ပြောမရပါ။ သရက်သီး၏ အရသာအစုံကို မြည်းစမ်ဖူးသူက ထိုစကားကို လက်ခံမည်မဟုတ်ပါ။ ထို့အတူ ကြားသည်နှင့် မယုံလိုက်ဘဲ ကိုယ်တိုင်ကိုယ်ကျ စားသုံးကြည့်သူများလည်း ချဉ်သည်ဟု ပြောစကားကြောင့် သရက်သီးအရသာမှ လက်မဲ့မဖြစ်ရပါ။ ကံဆိုးသူမှာမူ သူတစ်ပါး၏ ချဉ်သည်ဟု ပြောစကားအတိုင်း ချဉ်ကြောင်းလက်ခံလိုက်သူသာဖြစ်သည်။ ချဉ်မည်ကို စိုးရိမ်သဖြင့် သရက်သီး၏ အရသာမှ လက်မဲ့ဖြစ်ရပါတော့သည်။ ထို့ကြောင့် အရသာလက်မဲ့မဖြစ်ရန် ကိုယ်တိုင်ကိုယ်ကျ ဆည်းပူးလေ့လာပါ။ အချို့သော ကြွေးကျော်ချက်များကို စူးစမ်းလေ့လာရန် မလိုအပ်ပါ။ အချို့သော ကြွေးကျော်မှုများကိုမူ စူးစမ်းရန် လေ့လာရန် အလွန်လိုအပ်သည်။ ကမ္ဘာပေါ်တွင် သက်ဝင်ယုံကြည်မှုနှုန်း မြင့်လာသည့် အစ္စလာမ်ကို ဗမာစကားပြောသူတိုင်းလည်း သေချာစွာ လေ့လာရပါမည်။ အမှောင်ဖုံးသည့် မျက်လုံးအစုံဖြင့် လမင်းကိုကြည့်လျှင်လည်း တိမ်ဖုံးနေမည်သာ ဖြစ်၏။ အမှန်တရားကို ဥာဏ်မများဘဲ အရှိကို အရှိအတိုင်း သေချာစွာသိနိုင်ရန် နည်းလမ်းမှာ ကိုယ်တိုင်ကိုယ်ကျ လေ့လာခြင်းပင် ဖြစ်၏။ ဘာသာတရားတစ်ခုကို စေ့ငှပြည့်စုံစွာ သိနိုင်ရန် သက်ဆိုင်ရာ ဘာသာဝင်တို့၏ ကျွမ်းကျင်ပညာရှင်များ၊ စွယ်စုံကျမ်းများ၊ စာအုပ်စာပေများ၊ အခြေခံ မူဝါဒများ၊ လုပ်ပုံကိုင်ပုံများ၊ သတ်မှတ်ချက်များကို လေ့လာရမည်။ ဘာသာတစ်ခု တည်ဆောက်သတ်မှတ်ပုံကို တခြားဘာသာဝင်တစ်ယောက်က ပြည့်စုံစွာ မပြောပြနိုင်ပါ။ လေ့လာလွန်းလို့ ပြောပြနိုင်လျှင်လည်း ကိန်းဂဏန်း အနည်းငယ်သော လူများသာ ဖြစ်ပေမည်။ မိမိဘာသာကိုတောင် ခရေစေ့တွင်းကျ မလေ့လာနိုင်သူ၊ မဆည်းပူးနိုင်သူက တခြားဘာသာတစ်ခုကို ဝေဖန်ပုတ်ခတ် တိုက်ခိုက်ခြင်းသည် ငတုံးများရှေ့တွင် ပညာမတတ်သူက စာသင်ပြခြင်းသာဖြစ်သည်။ ငတုံးစကားကို ငတုံးသာ လက်ခံမည်။ အသိဥာဏ်ရှိသူက လက်ခံမည်မဟုတ်ပါ။


အစ္စလာမ်ကို မိတ်ဆက်မပေးမီ အစ္စလာမ်ဟုပြောသည်နှင့် အများအားဖြင့် အစ်လုပ်တာ၊ နွားသတ်တာ၊ ဗလီတက်ခြင်းမျှသာ အတွေးထဲပြေးဝင်လာမည်မှာ မုချပင်။ ထို့ထက်ပိုရလျှင် အမျိုးသားများ မုတ်ဆိတ်အရှည်ထားခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ အင်္ကျီရှည်ဝတ်ခြင်း၊ အမျိုးသမီးများ (ခပ်ပွပွ၊ အသားထူထူ)ဝတ်ရုံရှည် ဆင်မြန်းခြင်းတို့ မြင်ယောင်မည်။ အစ္စလာမ်သည် ထိုမျှသာ မဟုတ်ပါ။ အစ္စလာမ်သည် ထို့ထက် များစွာ ကျယ်ဝန်းပါသည်။ အချို့ကလည်း အသက်မပြည့်သူ ထိမ်းမြားခြင်းနှင့် မိန်းမလေးယောက်ယူခြင်းကို စာရင်းသွင်းကြသည်။ အမြင်နှင့်အကြားကို အသိပညာဖြင့် ဆုံးဖြတ်ရပါမည်။ အမှန်တရားကို သိရန် အစ္စလာမ်ကို ထဲထဲဝင်ဝင် လေ့လာပါ။ သို့မှသာ အစ္စလာမ့်၏ အနှစ်သာရကို ရရှိခံစားနိုင်မည်။


အစ္စလာမ်၏ အဓိပ္ပါယ်မှာ ငြိမ်းချမ်းခြင်း၊ အေးချမ်းသာယာခြင်းဖြစ်၏။ အစ္စလာမ်ကို ကျင့်သုံးလိုက်သည့် နေရာတိုင်း၊ လူတိုင်း၊ အိမ်တိုင်း၊ အဖွဲ့အစည်း၊ ရပ်ကွက်၊ နိုင်ငံတိုင်းသည် အေးချမ်းမှု၊ ငြိမ်းချမ်းသာယာမှတို့ကို ရရှိမည်ဖြစ်၏။ အစ္စလာမ်သည် လူအများယူဆသလို ဘာသာရေးဟူသည့် အချက်တစ်ခုတည်းကိုသာ အခြေခံ ပြဌာန်းထားခြင်းမဟုတ်။ အစ္စလာမ်သည် စည်းစနစ်နှင့် မူကိုအခြေခံ၍ အေးချမ်းတည်ငြိမ်သည့် ကမ္ဘာလူ့အဖွဲ့အစည်းကြီးတစ်ခု ပေါ်ပေါက်ရေးကို ဦးစားပေးထားသည်။ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပျော်ရွှင်ရေး၊ စိတ်ကြည်နူးရေး အားလုံးသည် အစ္စလာမ်တွင်ပါဝင်၏။ ယနေ့အခါတွင် လူတိုင်း လူတိုင်း ခံစားနေရသည့် ကျန်းမာရေးနှင့် စိတ်ချမ်းသာရေးအတွက် နည်းနစ်များကို အစ္စလာမ်တွင် ပြပေးထားသည်။ အိမ်ထောင်ရေးများတွင် သင့်မြတ်မှုရှိနေရန် နည်းစနစ်များ ညွှန်ပေးထားသည်။ မိသားစုများတွင် ချစ်ကြည်မြတ်နိုးမှုများ တိုးလာရန် စည်းစနစ်များ ချထားသည်။ ခင်ပွန်းနှင့် ဇနီး၊ လင်နှင့်မယားကြားတွင် တစ်ဦးတိုင်းအတွက် သင့်လျော်သည့် တာဝန်များကို အစ္စလာမ်က တိုက်ရိုက်ခွဲပေးထားသည်။ မိဘနှင့် သားသမီးတို့တွင် မိဘကို မိဘအရာပေးနိုင်ရန် သားသမီးက ဘာလုပ်ရမလဲဟူသည့် အချစ်စနစ်ကို နည်းလမ်းပေးထားသည်။ လိင်မတူသည့် ဖိုနှင့် မတို့ အဘယ်ပုံစံနှင့်သာတွေ့ဆုံရမည်ဟု စည်းကမ်းချမှတ်ရင်းဖြင့် မိဘပျောက်ရသည့် ကလေးမွေးမှုစနစ်ပပျောက်ရန် တွန်းအားပေးထားသည်။ အချုပ်ပြောရလျှင် အစ္စလာမ့်လုပ်ဆောင်ချက်များ၏ အဓိကရည်ရွယ်ချက်မှာ လူ့ဘဝတွင် လူတိုင်း လူပီသရေးနှင့် စိတ်ချမ်းသာမှုရရှိရေးတို့ဖြစ်သည်။


အစ္စလာမ်၏ ရည်ရွယ်ချက်ဖြစ်သည့် စိတ်ချမ်းသာမှုနှင့် အေးချမ်းသာယာမှုတို့သည် ယနေ့ခေတ် အများယူဆသလို လူ့စိတ်၏ လွတ်လပ်ခွင့်အပေါ်မူတည် မထားပါ။ စိတ်စေရာ လျှောက်လှမ်းခွင့်မပြုဘဲ မှန်ကန်တိကျသည့် မူဘောင်တစ်ခုအတွင်း လျှောက်လှမ်းစေပြီး သာယာစိုပြေသော လူမှုဘဝတစ်ခုတည်ဆောက်နိုင်ရန်ကိုသာ လေ့ကျင့်ပေးသည်။ လုပ်ချင်တိုင်းလုပ်ခွင့်ပေးရန် လူသည် တိရိစ္ဆာန်မဟုတ်ပါ။ လူတွင် အသိဥာဏ်၊ အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ အမှန်၊ အမှားခွဲခြားနိုင်စွမ်း၊ ကြင်နာတတ်သည့်နှလုံးသားနှင့် ပညာတို့ ရှိသည်။ ထိုသို့ အင်မတန်ထူးခြားသည့် အရည်အသွေးများ ပိုင်ဆိုင်ထားသည့်လူကို စိတ်ကလိုလားတိုင်း လွတ်လပ်ခွင့်ပေးလိုက်လျှင် တိရိစ္ဆာန်နှင့် လူသည် တစ်တန်းစားတည်း ဖြစ်သွားပါမည်။ ဤသို့ဖြစ်ခြင်းကို စာရှုသူတို့လည်း လိုလားမည်မဟုတ်ပါ။ ထို့ကြောင့် အစ္စလာမ်သည် လူ့စိတ်ကို အခြေခံသည်မဟုတ်ဘဲ စည်းစနစ်နှင့် မူကို အခြေခံပေးထားသည်။ မိမိ၏ စိတ်ကို ထိုမူနှင့်ကိုက်ညီအောင် ပြုပြင်နေထိုင်မည်ဆိုပါက အစ္စလာမ်မှရရှိမည့်ငြိမ်းချမ်းသာယာမှုကို အမှန်ပင် ရရှိခံစားရပါမည်။ ဤနည်းသည် မွတ်စ်လင်မ်နှင့် မွတ်စ်လင်မ်မဟုတ်သူများအကြား ကွဲပြားခြားနားခြင်းမရှိပါ။ မွတ်စ်လင်မ်တစ်ဦးက အစ္စလာမ့်နည်းစနစ်၊ မူ၊ ဘောင်၊ စည်းမျဉ်းစည်းကမ်းများ အတိုင်း မနေထိုင်လျှင် ၎င်းသည် မွတ်စ်လင်မ်ဖြစ်သော်ငြားလည်း အစ္စလာမ်၏ အေးချမ်းသာယာမှုကို ပြည့်ပြည့်ဝဝ ရမည်မဟုတ်။ လိုက်နာလျှင်တော့ ရမည်။ မွတ်စ်လင်မ်မဟုတ်သူက အစ္စလာမ်ကို ကျင့်သုံးလျှင်၊ အစ္စလာမ့်စည်းမျဉ်းစည်းကမ်း၊ မူဘောင်များအတိုင်းနေထိုင်လျှင် သူသည်လည်း အစ္စလာမ်က ရမည်ဟု ပြောထားသည့် အေးချမ်းသာယာ ကြည်နူးမှုကို ရမည်ဖြစ်၏။ လူတစ်ဦးသည် ရှင်သန်နေစဉ်ကာလတစ်လျှောက် အစ္စလာမ့်နည်းစနစ်များအတိုင်း စားသောက်၊ နေထိုင်သွားမည်ဆိုပါက ၎င်း၏ သက်တမ်းသည် အေးချမ်းမှု၊ စိတ်ချမ်းသာမှုရမည်။ လူ့ဘဝတွင် အရေးပါဆုံး ကဏ္ဍတစ်ခုဖြစ်သည့် စီးပွားရေး၊ ကမ္ဘာကြီး ရပ်တည်မှုတွင် အခရာဖြစ်သည့် နိုင်ငံရေးများကို အစ္စလာမ်မှ ပြသသည့် စည်းမျဉ်းများအတိုင်း ဆောင်ရွက်ပါက အစ္စလာမ်ရှိသည့် နေရာ၊ လုပ်ငန်း၊ စစ်ရေး၊ နိုင်ငံရေးအားလုံးသည် တည်ငြိမ်အေးချမ်းမည်။ အစ္စလာမ်ကို နေရာဒေသတိုင်း၊ လူတိုင်း၊ အခန်းကဏ္ဍတိုင်းနှင့် ဆောင်ရွက်ချက်တိုင်းတွင် ထည့်သွင်းဆောင်ရွက်နိုင်ပါသည်။ နိုင်ငံတစ်ခု တည်ဆောက်ရာ၌ လူထုကြားတွင် မကောင်းမှုများစွန့်ရန် လူကို တိုက်ရိုက်ပြစ်ဒဏ်ပေးသည့် စနစ်သည် အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်၏။ ယင်းစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံကို စာရှုသူတို့ အသိဆုံးဖြစ်ပါမည်။ လူသည် အခြားပစ္စည်းနှင့် အခြေအနေတစ်ခုကို လွှဲချလို့ ရနေသရွေ့ မကောင်းမှုလုပ်ခြင်း၊ သူတစ်ပါးကို ဒုက္ခပေးခြင်းများကို မစွန့်နိုင်သေးပေ။ အသားထိလျှင်မူ အလွန်နာတတ်သည်။ လူကို တိုက်ရိုက်ပြစ်ဒဏ်ပေးသည့်စနစ်ကို အစ္စလာမ်က ပြဌာန်းပေးထားသည်။ ကာယကံရှင်၏ စိတ်စေရာ ကြောင့် ဖြစ်လာသော ပြစ်မှုများကို တခြားအရာဝတ္ထုတစ်ခု၊ တခြားအကြောင်းအရာများဖြင့် ပြစ်ဒဏ်ခတ်နေလျှင် မထိရောက်ပါ။ လူကိုပင် တိုက်ရိုက်ဒဏ်ခတ်ခြင်းက အကောင်းဆုံးဖြစ်သည်။ ဤနည်းဖြင့် နိုင်ငံအတွင်းမှ မသမာမှုများ ပပျောက်သွားမည်။ တိုးတက်သည့် နိုင်ငံတစ်ခုဖြစ်ဖို့ ကိုယ်ကျင့်တရားကောင်းသည့် နိုင်ငံသားများရှိနေရန် အရေးကြီးပါသည်။


အစ္စလာမ်သည် ကမ္ဘာလုံးဆိုင်ရာ ဘာသာတစ်ခုဖြစ်သည်။ အစ္စလာမ်သည် လူ့ဘဝနေထိုင်မှု လမ်းညွှန်ဖြစ်သည်။ လူဟုဆိုထားခြင်းကြောင့် ယောက်ျား၊ မိန်းမအားလုံးနှင့် လူ့အလွှာစုံမှ လူတန်းစားအစုံက ကျင့်သုံးနိုင်သည်။ အစ္စလာမ်တွင် လူရယ်လို့ဖြစ်လာပြီးနောက် ရှေ့ဆက်လျှောက်လှမ်းရမည့် လူ့ဘဝတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးကို နည်းစနစ်၊ စည်းကမ်းများ သတ်မှတ်ကာ ပြဌာန်းထားသည်။ အစ္စလာမ်သည် ယုံကြည်ချက်နှင့် ခဝပ်ဆည်းကပ်မှု နှစ်ခုသာမက လူ့ဘဝရပ်တည်မှုတွင် ကြုံတွေ့ရမည့် အရေးကိစ္စနှင့် အခန်းကဏ္ဍအားလုံးအတွက် တိကျလုံလောက်သည့် လမ်းညွှန်ချက်ပေးထားသော ဘာသာတစ်ခုဖြစ်သည်။ ယဉ်ကျေးသော လူနေမှုစနစ်ဖြစ်ပေါ်လာရန် စည်းမျဉ်များ ပြဌာန်းထားသည့် ဘာသာမှာ အစ္စလာမ်ဖြစ်၏။ 


အစ္စလာမ်တွင် ကဏ္ဍကြီး ငါးခုနှင့်ဖွဲ့စည်းထား၏။ ယင်းကဏ္ဍများကို အကျဉ်းချုံ၍ အနည်းငယ်စီ ဖော်ပြပေးသွားမည်။ ပထမကဏ္ဍမှာ ယုံကြည်ချက်ပိုင်းဖြစ်ပြီး၊ ယုံကြည်ချက်ပိုင်းကို လက်ခံသူသည် ကျန်သည့်ကဏ္ဍလေးခုလုံးကို လုပ်ဆောင်ရန် တာဝန်ရှိသည်။ ယုံကြည်ချက်ပိုင်းပြီးနောက် ခဝပ်မှုပိုင်းသည် ဒုတိယကဏ္ဍဖြစ်၏။ အစ္စလာမ့်၏ ခဝပ်ဆည်းကပ်မှုတွင် မလုပ်မနေရတာဝန် လေးခုရှိသည်။ ပထမဦးဆုံးမှာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းခြင်း၊ တမန်တော်ထံ မေတ္တာပို့သခြင်းနှင့် ဖတ်နေသူကိုယ်တိုင်အတွက် ဆုတောင်းခြင်းများ ပါဝင်သည့် ဆွလားသ်ဆောက်တည်ခြင်းဖြစ်သည်။ ဆွလာသ်ဆောက်တည်မှုသည် နေ့စဉ်တာဝန်ဖြစ်ပြီး တစ်နေ့တွင် ငါးကြိမ်ဆောက်တည်ရသည်။ ဆွလားသ်တွင် စုပေါင်း ဆောက်တည်မှုနှင့် တစ်ဦးချင်းဆောက်တည်မှုဟူ၍ နှစ်မျိုးရှိသည်။ စုပေါင်းဆောက်တည်ရာတွင် လူတိုင်းသည် အတန်းလိုက် စီလျှက် ဦးဆောင်သူတစ်ဦး၏ နောက်မှ အနွံအတာခံကာ ၎င်းသူ၏ ဆောင်ရွက်ချက်အတိုင်း လိုက်လံလုပ်ဆောင်ခြင်း ဖြစ်သည်။ အစ္စလာမ်တွင်ရှိသည့် ဆွလာသ်ဆုပေါင်းဆောက်တည်မှုတွင် လူ့အလွှာခွဲခြားခွင့် လုံးဝမရှိပါ။ သမ္မတနှင့် သူတောင်းစား၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ၊ သူဌေးနှင့် အခိုင်းအစေ၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အသားဖြူနှင့် အသားမဲ၊ မျိုးရိုး အနွယ် တူသူ၊ မတူသူအားလုံးသည် တစ်ပြေးညီသာ စီတန်းရမည်။ အချိန်တစ်ခုတည်း၌ ဦးဆောင်သူတစ်ဦး၏နောက်တွင် တစ်ပြိုင်တည်း ဆောက်တည်ရမည်။ ဦးဆောင်သူသည် ဆွလားသ်ဦးဆောင်မှုပိုင်းဆိုင်ရာ နည်းစနစ်များကို နောက်လိုက်များအားလုံးထက် ပို၍တတ်ကျွမ်းနားလည်သူဖြစ်ပါက ကျန်သူအားလုံးသည် သူ့၏အနွံအတာကိုပြုရမည်။ ဦးဆောင်သူအတွက် ပညာပိုင်းကို စည်းကမ်းသတ်မှတ်ထားသည်ဖြစ်ရာ ဦးဆောင်သူသည် ကူလီထမ်းသော စီးပွားရေးကို ရှာသူဖြစ်ပြီး နောက်လိုက်များတွင် သူဌေးများပါဝင်လျှင်လည်း ယင်းသူဌေးတို့သည် ထိုသူ၏ ဦးဆောင်မှုနောက်ကသာ ဆွလားသ်ဝတ်ပြုရမည်။ အစ္စလာမ်၏ ဆွလားသ်ဆောက်တည်မှုပိုင်းတွင် အမြင်အရ ကွာခြားမှုများကို အခြေခံ၍ လူတန်းစားခွဲခြားခြင်းကို အမြစ်ဖြတ် ရှင်းလင်းပေးထားသည်။ စိတ်ပိုင်းဆိုင်ရာ ရောဂါဖြစ်သည့် မာနကို နှလုံးသားနှင့် အတွေးအခေါ်အတွင်းမှ ထုတ်ပေးသည်။ ထို့ပြင် ဦးဆောင်ခြင်းနှင့် နောက်လိုက်ခြင်းဆိုင်ရာ နည်းစနစ်ကို သင်ပေးထားသည်။ ကမ္ဘာ့သမိုင်းတစ်ခုလုံးရှိ ကဏ္ဍရပ်တိုင်းသည် ဦးဆောင်ခြင်းနှင့် နောက်လိုက်မှုတို့ဖြင့်သာ ရပ်တည်လာခြင်းဖြစ်သည်။ ဆွလားသ်တွင် ဦးဆောင်ရန် ဆွလားသ်ဦးဆောင်ခြင်းဆိုင်ရာ ပညာကို စည်းကမ်းချက်ထားသည်။ အခြားမည်သူမဆို မိမိ၏လုပ်ငန်းနှင့် အခြားအကြောင်းကိစ္စတစ်ခုခုတွင် ဦးဆောင်သူ၊ လုပ်ဆောင်သူပြုလုပ်ရန် စည်းကမ်းသတ်မှတ်လိုပါက ဆွလားသ်တွင် ဦးဆောင်ပြုခြင်းဆိုင်ရာ စည်းကမ်းကို နမူနာယူပါက ယင်းသူ၏ လုပ်ငန်း၊ အကြောင်းကိစ္စတို့သည် ပန်းတိုင်သို့အရောက်လှမ်းနိုင်မည်။ ဆွလားသ်၏ ဦးဆောင်မှုတွင် အသားဖြူသူ၊ အမျိုးအနွယ်မြတ်သူ၊ သူဌေး၊ ရာထူးမြင့်သူ၊ လူသိများသူ စသည့်အရည်အချင်းများကို စည်းကမ်းချက်မပေးထား။ သက်ဆိုင်ရာတာဝန်ကို ကျွမ်းကျင်သည့် ပညာရှင်ကိုသာ တာဝန်ပေးသည်။ ထိုပညာကိုတတ်သူက သမ္မတဖြစ်လျှင် ကျန်သူများက နောက်လိုက်လုပ်ရမည်။ အလုပ်သမားဖြစ်လျှင်လည်း ကျန်သူများက နောက်လိုက်ရပေမည်။ ဆွလားသ်တာဝန်သည် နေ့စဉ်တာဝန်တစ်ခုဖြစ်၏။ ဤသို့ဖြင့် လူတွင် တာဝန်ကျေပွန်ခြင်းဟူသည့် အသိစိတ်ဓာတ်ဝင်လာရန် လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ ဆွလားသ်ကို တစ်ဦးချင်း ဆောက်တည်မှုက မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်ရန် သင်ကြားပေးနေသည်။ လူအများနှင့် တစ်ပြိုင်တည်းမဆောက်ရွက်ဘဲ တစ်ဦးချင်းတာဝန်ယူလျက် ဆောင်ရွက်နိုင်သည့် အရည်အချင်းကို လေ့ကျင့်ပျိုးထောင်ပေးနေသည်။ ဆွလားသ်ကို နေ့နှင့်ည နှစ်ခုပေါင်းလျှက် မျှတစွာ သတ်မှတ်ပေးထားသည်။ ပျင်းခြင်း၊ အပေါ့ရိကနေလိုစိတ်ရှိခြင်းနှင့် ဂရုမစိုက်ခြင်းဟူသည့် အကျင့်ဆိုးတို့ကို ဤစနစ်ဖြင့် ပြုပြင်ပေးသည်။ နေမထွက်မီ နှစ်နာရီခန့်အလိုကတည်းက အိပ်ယာထရန် တာဝန်ပေးထားသည်။ နေမထွက်မီ အိပ်ယာထရန် တာဝန်ပေးခြင်းကပင် ညအချိန်တွင် စောစောအိပ်ရန် စေခိုင်းလိုက်ခြင်းဖြစ်သည်။ ညအချိန်ကို အိပ်စက်ခြင်း၊ အိပ်ရေးဝခြင်းတို့သည် ကျန်းမာရေးကောင်းရန် အဓိကဆေးဝါးဖြစ်၏။


ဒုတိယတာဝန်မှာ တစ်နှစ်တွင် တစ်လ နေ့ပိုင်းအချိန်တွင် စား၊ သောက်၊ သံဝါသပြုခြင်းများကို ရှောင်ခြင်း၊ နာမ်ပိုင်းဆိုင်ရာ မကောင်းစိတ်များကို ချုပ်တီး၍ မိမိ၏စိတ်အတွင်းမှ ပပျောက်အောင်လုပ်ရသည့် ဆောင်မ် (ဥပုသ်) ဆောက်တည်ခြင်းဖြစ်၏။ အစ္စလာမ်တွင်ရှိသည့် ဥပုသ်စောင့်ခြင်းတွင် တစ်နေ့တာလုံးကို ဘာဆို ဘာမျှ စားသောက်ခွင့်မပေးထားပါ။ ထို့အတူ သံဝါသအမှုကို ရှောင်ရမည်။ ဤစည်းကမ်းချက်နှစ်ခုဖြင့် မစားမသောက်ရ အငတ်ဘေးနှင့် ကြုံနေရသူများ၊ စားတစ်လှည့် မစားတစ်လှည့်နှင့် ဒုက္ခရောက်နေသူများကို ကိုယ်ချင်းစာတရားထားနိုင်ရန် သင်ပေးခြင်းဖြစ်သည်။ ဒုတိယစည်းကမ်းချက်မှာ သက်ရှိတိုင်းတွင် ရှိသည့် တဏှာကို ချုပ်တည်းနိုင်ရန်ဖြစ်၏။ တဏှာရှိသည်။ လူတွင် တဏှာပါသည်။ သို့သော် ယင်းတဏှာကိုလည်း ချုပ်တည်း ထိန်းသိမ်းတတ်ရမည်။ တဏှာကို မချုပ်နိုင်ပါက လူဖြစ်ရှုံး၍ လူ့ဘောင်လောကတွင် ဂုဏ်သိက္ခာမရှိသူဖြစ်မည်။ တဏှာသည် အစားကျူးခြင်းနှင့် ခန္ဓာအင်အားများနေခြင်းတို့မှ ပေါက်ဖွားလာသည့် စိတ်ဖြစ်သည်။ ထို့ကြောင့် အစားကို အရင်ဖြတ်သည်။ ဗိုက်ငတ်နေလျှင် တဏှာဘက်ကို အာရုံမများတော့။ အကယ်၍ တဏှာဘက်ရောက်နေလျှင်လည်း တဏှာမကျူးရန် စည်းကမ်းချက်အဖြစ် ထည့်သွင်းသတ်မှတ်ပေးထားသည်။ တဏှာမကျူးရဟူသည့် စည်းကမ်းချက်သည်လည်း လူ့ဘဝတွင် တဏှာတစ်ခုကို ချုပ်လိုက်ပါက အခြားသောအင်အားကောင်း၊ အတွေးအခေါ်ကောင်းများ ထွက်ပေါ်လာမည်ကို သင်ပေးနေခြင်း ဖြစ်၏။


တတိယတာဝန်မှာ လူသည် မိမိပိုင်ဆိုင်သည့် ဥစ္စာ၊ ငွေကြေး၊ စုဆောင်းထားမှုများ၊ ဝင်ငွေတို့မှ သတ်မှတ်ထားသည့် အတိုင်းအတာတစ်ခုသို့ ရောက်လျှင် ယင်းငွေကြေး၊ ဥစ္စာထဲမှ အပုံလေးဆယ်ပုံ တစ်ပုံအား အစ္စလာမ်က ဆင်းရဲသားဟု သတ်မှတ်သူများကို ပေးကမ်းရသည့် ဇကားသ်ဟူသည့် ငွေကြေးဥစ္စာလှူဒါန်းရသည့် ခဝပ်မှုဖြစ်သည်။ ဇကားသ်တွင် ပိုက်ဆံအလှူ၊ ရွှေငွေအလှူ၊ တိရိစ္ဆာန် အရှင်လှူဒါန်းမှုနှင့် ကောက်ပဲသီးနှံအလှူတို့ပါဝင်သည်။ ဇကားသ်ဟူသည့် ခဝပ်မှုကို ပိုက်ဆံချမ်းသာမှ ဆောင်ရွက်နိုင်သည်။ ဇကားသ်တွင် ပုံစံနှစ်ခုပါဝင်သည်။ တစ်ခုမှာ ဇကားသ်ဟူသည့် အလှူပြုနိုင်ရန် ကိုယ်တိုင်ကြွယ်ဝအောင် လုပ်ရမည်။ ဤပထမပုံစံတွင်လည်း လူရယ်လို့ ရှင်သန်လာချိန်တွင် ပိုက်ဆံရှာရမည့်တာဝန်ကို ပေးထားခြင်းဖြစ်၏။ လူ၊ လူချင်းထံမှ တောင်းရမ်းကို ခဝပ်မှုအဖြစ်မသတ်မှတ်ထားပေ။ ကိုယ်တိုင်ရှာဖွေပြီး လှူဒါန်းခြင်းကိုသာ ခဝပ်မှုအဖြစ် သတ်မှတ်ထားသည်။ ဇကားသ်အလှူတွင်ပါဝင်သည့် ဒုတိယပုံစံမှာ မိမိချမ်းသာသလို နောက်တစ်ဦးကိုလည်း ချမ်းသာလာအောင် လုပ်ပေးခြင်းဖြစ်သည်။ တစ်ကိုယ်ကောင်းမဆန်ရန် ဖြစ်၏။ မိမိအစဉ်ပြေသလို အခြားသူများလည်း တစ်ချိန်ချိန်တွင် အစဉ်ပြေလာရမည်။ မိမိတစ်ဦးတည်း လောဘမထားရ။ သေလျှင်ထားခဲ့ရပြီး ပျက်စီးလျှင် စွန့်ပစ်ရမည့် သင်္ခါရလောက၏ လောဘပစ္စည်းများကို မိမိတစ်ဦးတည်းတွင် စုဆောင်းကာ ကိုယ့်ဖို့သာလုပ်ခွင့်မရှိ။ မိမိပိုင်ထဲမှ ဆင်းရဲသားများကို ကူညီရမည်။ ဤသို့ကူညီခြင်းဖြင့် သဒ္ဒါတရား၏စိတ်ဓါတ် တိုးပွားမည်။ သူတစ်ပါးကောင်းစားသည်ကို မနာလိုသည့်စိတ်ဓါတ် ချုပ်ငြိမ်းရပါသည်။ ကိုယ့်ပစ္စည်း၊ ကိုယ့်ပိုက်ဆံဖြင့်ပင် နောက်တစ်ယောက် ကောင်းစား ချမ်းသာအောင်လုပ်ပေးရန် ဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်တွင်ရှိသည့် ဇကားသ်ဟူသည့် အလှူခဝပ်မှုသည် ဆင်းရဲသားပပျောက်ရေး၊ မွဲတေမှုချုပ်ငြိမ်းရေးနှင့် ဆင်းရဲချမ်းသာကွာဟမှုကို ထိန်းညှိပေးသည့် နည်းစနစ်ပင် ဖြစ်၏။


စတုတ္ထတာဝန်မှာ လူသည် စားဝတ်နေရေး ချောင်လည်ပြည့်စုံပြီးနောက် အခြားနိုင်ငံတစ်ခုသို့ပါ သွားနိုင်လောက်အောင် ကြွယ်ဝချမ်းသာပါက မက္ကဟ်မြို့ရှိ ကမ္ဘာဦးကတည်းက တည်ရှိသော ကအ်ဗဟ်သို့သွား၍ သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ရသည့် ဟဂ်ျတာဝန်ဖြစ်သည်။ နိုင်ငံရပ်ခြားသို့သွားရမည့် တာဝန်တစ်ခုအား ခဝပ်မှုတွင်ထည့်သွင်း ပေးထားသည်။ နိုင်ငံခြားသို့သွားနိုင်ရန် ပိုက်ဆံချမ်းသာရမည်။ ပိုက်ဆံချမ်းသာရန် စီးပွားရှာရမည်။ ပိုက်ဆံရှာခြင်းနှင့် စီးပွားရေးဆိုင်ရာလုပ်ဆောင်မှုကို အစ္စလာမ်က မကောင်းမှု၊ လောကီကို မက်မောခြင်းဟု မသတ်မှတ်ပါ။ အစ္စလာမ်သည် စီးပွားရှာခြင်း၊ ကြီးပွားအောင်လုပ်ခြင်း တစ်နည်းဆိုရသော် လူ့ဘဝတွင် ရပ်တည်နေစဉ် ကိုယ့်အားကိုယ်ကိုးခြင်းကို ခဝပ်ဆည်းကပ်ရာကောင်းမှုအဖြစ်သတ်မှတ်ပေးထားသည်။ တောင်းရမ်းခြင်းကို လုံးဝအားမပေးထားသည်သာမက ကိုယ်ထူကိုယ်ထ ကိုယ့်တာဝန်ကိုယ်ကျေပွန်ခြင်းကို အလေးပေးထားသည့် ဘာသာဖြစ်သည်။ ဟဂ်ျတွင် ဘယ်လောက်ပဲချမ်းသာပါစေ ၎င်းနေရာသို့ ရောက်လာသူတိုင်းသည် သတ်မှတ်ဝတ်စုံတစ်ခုကိုသာ ဝတ်ရမည်ဖြစ်ပြီး ရောက်လာသူတိုင်းနှင့် တန်းတူနေထိုင်သွားလာရမည်ဖြစ်၏။ ကာယလှုပ်ရှားမှုများဖြင့် ပြုလုပ်ရသည့် ခဝပ်ဆည်းကပ်မှုဖြစ်သည်။


တတိယကဏ္ဍမှာ အပေးအယူကဏ္ဍဖြစ်သည်။ အပေးအယူဟူသည်မှာ ကုန်သွယ်မှုနှင့် စီးပွားရေးကိုဆိုလိုသည်။ အစ္စလာမ်သည် စီးပွားရေးလုပ်ခြင်းနှင့် ချမ်းသာအောင်ရှာဖွေခြင်း၊ ချမ်းသာစွာနေထိုင်ခြင်းကို မတားမြစ်ပါ။ ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ နည်းစနစ်များကို ပြပေးထားသည့် ဘာသာဖြစ်သည်။ အသက်ရှင်နေသူတိုင်း အပေးအယူနှင့် မကင်းပါ။ လူ့လောကတွင် အသက်ရှင်လာသူတိုင်း စား၊ ဝတ်၊ နေရေးဟူသည့် အရေးသုံးပါးကို မလွဲမသွေကြုံရမည်သာဖြစ်သည်။ စားရန် အစားအသောက်၊ ဝတ်ရန် အဝတ်အထည်နှင့် နေထိုင်ရန် နေရာဌာနတို့ကို ပိုက်ဆံဖြင့် ဝယ်ယူရသည်။ ပိုက်ဆံရရန် စီးပွားရေးလုပ်ရမည်။ စီးပွားရေးသည်လည်း တရားသောစီးပွားရေးဖြစ်ရမည်။ မတရားသောစီးပွားရေးမဖြစ်ရ။ အစ္စလာမ့်အပေးအယူကဏ္ဍသည် တစ်ဦးတစ်ယောက် ကောင်းစားရေးထက် လူအားလုံး ကောင်းလာရေးကို ဦးစားပေးထားသည်။ ပိုက်ဆံရသည့် နည်းစနစ်သည် လူအားလုံးထံမှ ခေါင်းပုံဖြတ်ထားသည့် ပုံစံမဖြစ်ရပါ။ အသက်ရှင်လာပြီးနောက် လူ့ဘဝတစ်ခု တည်ဆောက်ရန် ပိုက်ဆံသည် လိုအပ်ချက်ဖြစ်လာသဖြင့် ယင်းပိုက်ဆံရှာရန် မူများ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ စည်းကမ်းများကို အစ္စလာမ်ကပြပေးထားသည်။ ပိုက်ဆံရှာခြင်း၊ စီးပွားရှာခြင်း၊ ပိုက်ဆံရရန် အလုပ်လုပ်ခြင်းတို့အား မည်သည့်ဘာသာကို သက်ဝင်ယုံကြည်သူပင်ဖြစ်ပါစေ လုပ်ကိုင်ရသည်ချည်းသာ ဖြစ်၏။ အလုပ်လုပ်ပြီဆိုလျှင် မိမိထံသို့ များများဝင်စေလိုသည်။ မိမိထံမှ နည်းနည်းသာ ထွက်လိုသည်။ ဤဆန္ဒကိုအခြေခံပြီး မတရားစီးပွားရှာမှု၊ ခိုးမှု၊ လိမ်မှုတို့ဖြစ်လာရခြင်း ဖြစ်သည်။ အစ္စလာမ်သည် စီးပွားရှာရာတွင် တရားသောနည်းဖြင့်ရှာရန် နည်းစနစ်ပြထားသည်။ လုပ်ငန်းများတွင် အရေအတွက်နှင့် အချိန်အတွယ်များဖြင့် လုပ်ကိုင်ကြသည်။ ကိုးခုသာရှိသော အရေအတွက်ကို ဆယ်ခုဟုပြောမရောင်းရ။ အပြစ်အနာအဆာပါနေသည့်ပစ္စည်းကို ဖုံးကွယ်လိမ်ဆင်၍ မရောင်းရ။ အလေးချိန်မခိုးရ။ ကုန်ဈေးနှုန်းများ တတ်လာစေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ပစ္စည်းများရှားပါးသွားစေရန် သိုလှောင်ထားခြင်း မလုပ်ရ။ ကမ္ဘာ့စီးပွားရေးလောကတွင် အသုံးအများဆုံး စနစ်တစ်ခုမှာ အတိုးဖြစ်၏။ အတိုးကို အစ္စလာမ်က ယတိပြတ် တားထား၏။ အစ္စလာမ့်စီးပွားရေးနည်းစနစ်တွင် အတိုးဖြင့် စီးပွားရှာခွင့်မရှိပါ။ အတိုးပေးခွင့်၊ ယူခွင့်နှစ်ခုလုံးကို ခွင့်မပြုထားပေ။ ဘာသာတူခြင်းကိုဖြစ်စေ၊ ဘာသာမတူသူကိုဖြစ်စေ အတိုးမပေးရသလို ၎င်းတို့ထံမှ အတိုးပြန်ယူခွင့်လည်းမရှိပါ။ အတိုးနှင့် ဆက်စပ်အလုပ်အကိုင်များ၊ တိုက်ရိုက်အတိုးမဖြစ်သော်လည်း သွယ်ဝိုက်နည်းများဖြင့် အတိုးသဏ္ဍာန်ဆောင်လျှင်လည်း ခွင့်မပြုထားပေ။ အတိုးဟူသည်မှာ ဆင်းရဲသားကို ဆင်းရဲတွင်းနက်အောင် ချမ်းသာသူက ပိုချမ်းသာအောင်လုပ်သောနည်းဖြစ်သည်။ ချမ်းသာသူ ပိုချမ်းသာလာခြင်းက ပြဿနာမဟုတ်။ ဆင်းရဲသားများ ပိုဆင်းရဲသွားခြင်းသည် ခိုးသူ၊ လုယက်သူများပိုများလာအောင် အားပေးနေခြင်းဖြစ်၏။ ဆင်းရဲသားလူတန်းစားနှင့် ချမ်းသာသူလူတန်းစားတို့အကြားတွင် အလွန်ကြီးမားသော ကွာဟမှုကို အတိုးကဖြစ်စေသည်။ ထို့ကြောင့် အစ္စလာမ်တွင် ဂုတ်သွေးစုတ်သည့် အတိုးစနစ်ကို အပြီးတိုင် ပိတ်ပင်ထားသည်။ စီးပွားရေးစနစ်တွင် ငွေကြေးချေးခြင်း၊ ငှားရမ်းခြင်းတို့ ပါဝင်သည်။ ငွေချေးရာတွင် အတိုးမယူရ။ အရင်းအတိုင်းသာ ယူရမည်။ ထို့ပြင် ချေးငွေကို ပြန်ဆပ်ရန် တာဝန်ပေးထားသည်။ ငှားထားသည့်အရာများကို ပြန်ပေးရန် တာဝန်ရှိသည်။ တတိယကဏ္ဍဖြစ်သည့် အပေးအယူပိုင်းတွင် အလုပ်ရှင်နှင့်အလုပ်သမားဆိုင်ရာ တာဝန်များလည်း ပါသည်။ တန်ကြေးနှင့် ကာလတစ်ခုသတ်မှတ်ပြီး အလုပ်သဘောတူထားလျှင် အလုပ်ရှင်ကလည်း သတ်မှတ်ချက်အတိုင်း လခကို အပြည့်ပေးရန် တာဝန်ရှိသည်။ ထို့အတူ သတ်မှတ်ချက်တွင်ပါသည်များကိုသာ စေခိုင်းခွင့်ရှိပြီး သတ်မှတ်ချက်တွင် မပါသည်များကို စေခိုင်းခွင့်မရှိပါ။ အလုပ်သမားဘက်ကလည်း မိမိ၏ တာဝန်ကို အပြည့်ထမ်းဆောင်ရမည်။ ပျက်ကွက်ပေါ့လျော့ပြီး လုပ်အားခအပြည့်ယူခြင်းကို မတရားမှုဟု သတ်မှတ်သည်။ ထိမ်းမြားမှုနှင့် အမွေကဏ္ဍများသည်လည်း အပေးအယူပိုင်းဆိုင်ရာတွင် ပါဝင်သည်။ ထိမ်းမြားပြီးလျှင် ဇနီးမောင်နှံကြားတွင် သက်ဆိုင်ရာ တာဝန်များကို ကိုယ်စီကိုယ်ငှ ကျေပွန်ရမည်။ စားဝတ်နေရေးအတွက် ရှာဖွေမှုတာဝန်သည် အမျိုးသားတာဝန်ဖြစ်ပြီး အိမ်ထောင်ထိန်းသိမ်းမှုတာဝန်သည် အမျိုးသမီးတာဝန်ဖြစ်၏။ စားရိတ်ထောက်ပံ့မှုတွင် အမျိုးသားက အမျိုးသမီးအား ပြည့်ပြည့်ဝဝပေးရမည်ဖြစ်သလို အမျိုးသမီးကလည်း မိမိခင်ပွန်းအတွက် အဖော်မွန်ကောင်းတစ်ဦး ဖြစ်နေရမည်။ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တာဝန်သိတတ်မှုတို့သည် အပေးအယူကဏ္ဍ၏ အဓိကပင်မအချက်များဖြစ်သည်။ ဤတတိယကဏ္ဍတွင် အမွေခွဲဝေပေးရမည့် နည်းစနစ်ကိုလည်း အပြည့်အစုံပြပေးထားသည်။ အမွေဟူသည်မှာ အသက်ရှိ၍ စဉ်းစားတွေးခေါ်တတ်သော လူသားတို့အကြား အကြီးဆုံးသော စိတ်ဝမ်းကွဲစေမှုဖြစ်သည့် သက်မဲ့ပစ္စည်းဖြစ်၏။ ဤသက်မဲ့ကြောင့်ပင် သွေးရင်းသားချင်းများ သတ်ဖြတ်ကြသည်အထိ ဖြစ်ကြရသည်။ သေသူက သေသွားသော်လည်း သူချန်ရစ်ခဲ့သည်များက ရှင်နေသူများကြား ရှင်လျှက်နှင့် သေအောင်သတ်နေသည်။ အစ္စလာမ်တွင် အမွေကို တိုက်ရိုက်ဥပဒေပြဌာန်းကာ ခွဲဝေပေးထားသည်။ တော်စပ်မှုတစ်ခုတိုင်းအတွက် သီးခြားရပိုင်ခွင့်များပေးထားသည်။ ပေးသင့်ပေးထိုက်သည်ကို ပေးရန် တာဝန်ရှိသည်။ မပေးဘဲ သိုဝှက်ထိန်ချန်ခွင့် မရှိပါ။ ထို့ပြင် လက်တွေ့ဆန်သည့် သတ်မှတ်မှုဖြင့် အမွေခွဲခိုင်းထားသည်။ စိတ်ပိုင်းဆိုင်ရာခံစားချက်များနှင့် လူ့အတွေးအခေါ်ကို ဦးစားမပေးထားပါ။ ယောက်ျားသားတစ်ဦးသေလျှင် သူနှင့်သက်ဆိုင်သူများကို အမွေပေးရမည်။ ယောက်ျားသားတွင် ဇနီးရှိသဖြင့် ဇနီးရှိနေ၍ အမွေမခွဲရဟူသည့် စိတ်ခံစားချက်ဥပဒေမျိုးကို မပြဌာန်းထားပေ။ ဇနီးရှိလျှင်လည်း ဇနီး၏ ရပိုင်ခွင့်ကိုပေး၍ အမွေခွဲရမည်။ အပေးအယူပိုင်းကိုလည်း အစ္စလာမ်က ကုသိုလ်၊ အကုသိုလ်စာရင်းတွင် ထည့်သွင်းပေးထားသည်။ အစ္စလာမ်က သတ်မှတ်ထားသည့် အပေးအယူနည်းအတိုင်း မှန်ကန်စွာ ရှာဖွေလုပ်ကိုင်စားသောက်သော မုစ်လင်မ်တစ်ဦးအဖို့ ၎င်း၏စီးပွားရှာခြင်း၊ မိသားစုကိုထောက်ပံ့ပေးခြင်း တို့သည် ကုသိုလ်ဖြစ်၏။ တားထားသည့်နည်းဖြင့် စီးပွားရှာလျှင် အကုသိုလ်ဖြစ်၏။ အစ္စလာမ်သည် လူသားတိုင်းအတွက် ဘဝလမ်းညွှန်ချက်ဖြစ်ပေရာ ဘဝတစ်ခုရှင်သန်နိုင်ရန်အတွက် စီးပွားရေးရှိရန်လည်း လိုအပ်သည်။ စီးပွားရေးလုပ်ခြင်းကို တားဆီးလိုက်ခြင်းက သူတောင်းစားများ၊ သူခိုး၊ လုယက်ဆိုးသွမ်းသူများ ပေါများလာရန် အားပေးလိုက်ခြင်းပင် ဖြစ်၏။ လုပ်ဆောင်မှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် အစ္စလာမ့်နည်းအတိုင်း စီးပွားရှာသူတစ်ဦးအဖို့ အမှန်တကယ်အောင်မြင်မှု ရပေလိမ့်မည်။


စတုတ္ထကဏ္ဍမှာ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ကဏ္ဍဖြစ်၏။ အကျင့်စာရိတ္တ၏ လိုအပ်ချက်မှာ သက်ရှိကမ္ဘာတွင် လူအတွက်သာ အထူးလိုအပ်သည်။ သင်ကြားရေးစနစ်များ အလွန်တိုးတက်လာပြီးနောက်ပိုင်းတွင် တိရိစ္ဆာန်များကိုပင် ယဉ်ကျေးလိမ္မာလာအောင် သင်ပေးနိုင်လာကြသည်။ မယဉ်ကျေးသည့် တိရိစ္ဆာန်များကို ယဉ်ကျေးအောင်သင်ပေးလာနိုင်သော်လည်း တစ်ဖက်တွင် ယဉ်ကျေးမှုဓါတ်ခံရှိပြီးသားလူများ ရိုင်းလာခြင်းကိုမူ ထိန်းချုပ်မရဖြစ်နေသည်မှာ နှစ်ဆယ့်တစ်ရာစု၏ အဆိုးဆုံးသောရောဂါ ဖြစ်နေသည်။ ကလေးငယ်များ အကျင့်ကောင်းလာစေရန် အကောင်းဆုံးကျောင်းများတွင် ထားကြသည်။ ယဉ်ကျေးရန်ဟူသည့်ခေါင်းစဉ်အောက်က ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်ကြသည်။ သို့သော်လည်း ပိုဆိုးသည်ထက် ဆိုးလာသည်မှာ ဘာ့ကြောင့်နည်း။ ရှင်းပါသည်။ လူတို့၏ အတွေးအခေါ်ကိုသာ အခြေခံထားသော နည်းစနစ်များဖြစ်သဖြင့် တစ်နေရာမဟုတ် တစ်နေရာတွင် လစ်ဟာမှုဖြစ်လာရသည်။ ဆိုးသွမ်းစေသည့် ပင်မအချက်များကို တိုက်ရိုက်ပြုပြင်ခြင်းမရှိသဖြင့် အခြားအကျင့်အမူများ ဘယ်လောက်ကောင်းအောင် သင်ပေးသည်ဖြစ်စေ အချိန်တန်လျှင် အကျင့်စာရိတ္တက မကောင်းသည်သာဖြစ်၏။ အကျင့်စာရိတ္တပိုင်းပြုပြင်ရန် စိတ်ခံစားချက်များနှင့် မုန်တီးမှုများကိုအခြေခံကာ ယဉ်ကျေးလိမ္မာအောင်သင်တန်းများဖွင့်သင်ခြင်းသည် အပုပ်ကောင် ရုပ်ဆောင်ပြခြင်းသာဖြစ်၏။ အချိန်တန်တော့ သရုပ်မှန်များထွက်လာကာ ယဉ်ကျေးလိမ္မာသင်တန်းသည် အရိုင်းများထုတ်ပေးရာ ဌာနဖြစ်တော့သည်။ ထို့ကြောင့် လူတစ်ယောက် အကျင့်ကောင်းလာရန် စိတ်ခံစားချက်များကို အခြေခံလို့မရပါ။ အကျင့်စာရိတ္တပိုင်းတွင် ညံ့ဖျင်းသေးသိမ်မှုက ကမ္ဘာအလည်တွင် မျက်နှာငယ်ရန် အကြောင်းခံတစ်ခုပင် ဖြစ်၏။ နိုင်ငံတစ်နိုင်ငံ တိုးတက်ခြင်း၊ ကြီးပွားချမ်းသာခြင်းသည် ယင်းနိုင်ငံသူ နိုင်ငံသားများ၏ ကိုယ်ကျင့်တရား အကျင့်စာရိတ္တနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိသည်။ အစ္စလာမ်တွင် မူးယစ် မိန်းမောစေသည့်အရာများအားလုံးကို ယတိပြတ်တားမြစ်ထားသည်။ အရက်၊ ဘီယာ၊ ဝိုင် အရက်နှင့် ဆက်စပ်အရာများအားလုံး၊ ဘိန်း၊ ဆေးခြောက်စသည့် အရာများကိုလည်း တားထားသည်။ ဆေးဖြစ်ဝါးဖြစ်မှစ၍ စီးပွားဖြစ်အထိ လုပ်ပိုင်ခွင့် လုံးဝမပေးထားပါ။ ကိုယ်တိုင်လည်း သောက်ခွင့်မပေးထားသလို အခြားသူများကိုတိုက်ခြင်း၊ ရောင်းချပေးခြင်း၊ ထုတ်လုပ်ပေးခြင်းများအားလုံးကို တားမြစ်ပိတ်ပင်ထားသည်။ မိမိကိုယ်တိုင်၊ မိမိ၏ မိသားစု၊ ဝန်ထမ်း၊ ကျောင်းသားများအကြားတွင် တိုးတက်အောင်မြင်သူများ၊ ကိုယ်ကျင့်တရားကောင်းသူများ ပေါ်ပေါက်လာစေလိုပါက အရက်နှင့် မူးယစ်မိန်းမောစေသည့် အရာများအားလုံးကို သုံးစွဲခွင့်တားမြစ်လိုက်ပါ။ ဤအရက်နှင့် မူးယစ်ပစ္စည်းများတွင် ကောင်းကျိုးအနည်းငယ်သာရှိပြီး ဆိုးကျိုးက ပိုများသည်။ ထိုဆိုးကျိုးကို ကာယကံရှင်ကလည်း ခံစားရသလို ပတ်ဝန်းကျင်ကလည်း ခံစားရသည်။ အရက်သည် ကိုယ်ကျင့်တရားပျက်ပြားရန် အပြည့်အဝအားပေးသော အဆိပ်တစ်ခုဖြစ်၏။ အစ္စလာမ်သည် ကိုယ်တိုင်စိတ်ချမ်းသာဖို့ သူတစ်ပါးကို ချနင်းသည့်အခြေအနေမျိုးကို အားမပေးပါ။ အစ္စလာမ့်အိမ်ထောင်ရေးစနစ်တွင် အိမ်ထောင်ရှင်အချင်းချင်း ဖောက်ပြားမှုကို ထိရောက်သည့် ဒဏ်ခတ်ခြင်းဖြင့် ထိန်းကွပ်ထားသည်။ မိန်းမလေးယောက်ယူရန်အတွက် တန်းတူညီမျှထားနိုင်ရမည်ဟူသည့် စည်းကမ်းချက်ရှိသည်။ လူတစ်ဦးနှင့် တစ်ဦးအကြားတွင် သွေးထိုးလှုံဆော်ပေးခြင်း၊ မတရားစွပ်စွဲခြင်း၊ နှစ်ဖက်ချွန်လုပ်ခြင်းများကို လုံးဝခွင့်မပြုပါ။ ထိုအကျင့်မျိုးရှိသူသည် အမတဥယျာဉ်နန်း၏ မွှေးရနံကိုပင် ရမည်မဟုတ်ဟု ပြဌာန်းထားသည်။ လိင်မတူသူများ အရသာခံစားလိုပါက သတ်မှတ်သည့် စည်းမျဉ်းများအတိုင်း ထိမ်းမြားမှုလုပ်ရန် စည်းကမ်းထားသည်။ ထိမ်းမြားခြင်းဖြင့် လူတစ်ဦးသည် နောက်တစ်ဦးကို တာဝန်ယူရသည်။ တာဝန်ယူလိုစိတ်၊ တာဝန်သိစိတ်တို့ကို ထိမ်းမြားမှုဖြင့် သင်ကြားပေးထားသည်။ ထိမ်းမြားပြီးနောက် ဇနီးမောင်နှံအကြား သက်ဆိုင်ရာ တာဝန်များကို သတ်မှတ်ပေးထားသည်။ မိန်းမနှင့် ယောက်ျားသည် ပုံသဏ္ဍာန်မတူသည့် လူနှစ်မျိုးဖြစ်သည်။ ယောက်ျားနှင့် မိန်းမကို တာဝန်အတူတူပေး၍ တန်းတူစေခိုင်းခြင်းမှာ မတရားခြင်းသာ ဖြစ်၏။ အစ္စလာမ်တွင် မိန်းမသားကို မိန်းမသားနှင့် သင့်တော်သည့် တာဝန်၊ ယောက်ျားသားကို ယောက်ျားသားနှင့် လိုက်ဖက်သည့် တာဝန်များကို ခွဲပေးထားသည်။ အကျင့်စာရိတ္တကောင်းခြင်းနှင့် ဆိုးခြင်းတို့သည် လိင်ကိစ္စကို မှန်ကန်စွာ အသုံးချခြင်းနှင့် အသုံးမချခြင်းတို့အပေါ်တွလည်း များစွာ မူတည်ပါသည်။ အစ္စလာမ်တွင် ဆဲဆိုခြင်းကို တားထားသည်။ အဆဲဖြင့် စကားမဆိုရ။ ဆဲခြင်းသည် မယဉ်ကျေးခြင်း၊ အကျင့်စာရိတ္တမကောင်းခြင်း၏ အမှတ်အသားဖြစ်သည်။ ဘာသာတစ်ခု၏ ဘာသာဝင်များသည် နောက်ဘာသာတစ်ခုကို မဆဲရ။ တခြားသူ၏ မိဘကို မဆဲရဟူသည့် ပညတ်ကို ပြဌာန်းထားသည်။ ဆဲဆိုခြင်းသည် ယဉ်ကျေးသည့်အသိုင်းအဝိုင်း၏ လုပ်ရပ်မဟုတ်ပါ။


ပဥ္စမကဏ္ဍမှာ လူမှုရေးကဏ္ဍဖြစ်သည်။ လူမှုရေးဟူသည်မှာ ယဉ်ကျေးပြူငှာသော လူ့အသိုင်းအဝိုင်းတစ်ခုဖြစ်ရန် အဓိက သင်ကြားမှုဖြစ်သည်။ အထက်ကဏ္ဍလေးခုလုံးသည် ဤလူမှုရေးကို အခြေခံထားသည်။ လူသည် လူမှုရေးနားလည်ရမည်။ လူမှုရေးအတွက် စည်းမျဉ်းစည်းကမ်းများ ရှိရမည်။ ကမ္ဘာကြီး စည်းကားနေခြင်း၏ အဓိကပင်မမှာ လူဖြစ်သည်။ ကျန်အရာဝတ္ထုများ၊ စက်ကိရိယာများ၊ နေ၊ လ၊ ကြယ်၊ တိရိစ္ဆာန်၊ သစ်ပင်များသည် လူအတွက် ဆင်ယင်ပေးထားခြင်းဖြစ်၏။ လူသည် နောက်လူတစ်ယောက်နှင့် ပြောဆိုဆက်ဆံသည်။ လူက လူဖြင့် ပျော်ရွှင်မှုရမှာသာ လူတစ်ဦးတိုင်း၏ ဘဝသည်လည်း သာယာနေမည်ဖြစ်၏။ စီးပွားရေးနှင့် အပေးအယူကဏ္ဍတို့သည် ပစ္စည်းဥစ္စာနှင့် သက်ဆိုင်ပြီး လူမှုရေးသည် လူ့စိတ်နှလုံးနှင့် သက်ဆိုင်သည်။ ပိုက်ဆံချမ်းသာခြင်းထက် စိတ်ချမ်းသာဖို့က ပိုအရေးကြီးသည်။ စိတ်ချမ်းသာမှ ကိုယ်ခန္ဓာကျန်းမာမည်။ စိတ်ပျို ကိုယ်နု၊ စိတ်ထောင်း ကိုယ်ကျေဟူသည့် စကားရပ်တွင် ခန္ဓာကိုယ်၏ ကျန်းမာရေးကို စိတ်ပေါ်တွင် မူတည်ထားသည်။ လူ့လောကသည် လူများဖြင့်သာတည်ဆောက်ထားခြင်းဖြစ်သောကြောင့် လူတိုင်းသည် နောက်တစ်ဦးကို စိတ်ချမ်းသာစေရမည်။ လူနှင့် လူတွေ့ဆုံရာတွင် သက်ဆိုင်ရာ လူမှုရေးရှိရမည်။ အစ္စလာမ်တွင် ပြဌာန်းထားသည့် လူမှုဆက်ဆံရေးစနစ်သည် စံပြထားနိုင်သည့် စံနှုန်းပြည့် လူမှုဆက်ဆံရေးစနစ်ဖြစ်သည်။ အစ္စလာမ်တွင် စိတ်ထားပိုင်းကို အထူးဦးစားပေးသည်။ ရုပ်ပိုင်းဆိုင်ရာကို ဦးစားမပေးပါ။ ထို့ပြင် မိမိစိတ်ချမ်းသာရေးထက် သူတစ်ပါး စိတ်ချမ်းသာရေးကို ပိုပြီး ဦးစားပေးသည်။ ကျင်ငယ်စွန့်ခြင်းဆိုင်ရာ ပညတ်ချက်များတွင် လူသွားလမ်း၊ လူအများ အရိပ်နားခိုရာနေရာများတွင် ကျင်ငယ်မစွန့်ရဟု တားထားသည်။ ယင်းပညတ်ချက် လေ့လာကြည့်လျှင် ဆီးအလွန်သွားချင်နေသူသည် ရရာနေရာတွင် ကျင်ငယ်စွန့်လိုက်ရလျှင် သူ့အဖို့ အတော်ကို နေသာ ထိုင်သာ ရှိသွားမည်။ သို့သော် အစ္စလာမ်က တစ်ဦးတည်း စိတ်ချမ်းသာရေးကို ဦးစားမပေးပါ။ ရရာနေရာတွင် ကျင်ငယ်စွန့်လိုက်သည်။ သူစွန့်လိုက်သည့်နေရာက အရိပ်ရအပင်ဖြစ်မည် သို့မဟုတ် လူတို့ ခေတ္တခဏ နားနေရာ နေရာဖြစ်မည်ဆိုလျှင် နောက်ရောက်လာသူသည် ပထမလူ၏ ကျင်ငယ်အနံ့ကြောင့် စိတ်ဒုက္ခရောက်ရမည်မှာ အမှန်ပင်ဖြစ်သည်။ အစ္စလာမ်သည် ထိုသို့သော အခြေအနေမျိုးကို လုံးဝမလိုလားပေ။ အစ္စလာမ့်ပြဌာန်းချက်တစ်ခုမှာ မိမိ၏ အိမ်မှ ကလေးငယ်ကို အစားတစ်ခုခုကျွေးလိုက်လျှင် လမ်းပေါ်ထွက်မစားစေရန် တားရမည်ဟုဖြစ်သည်။ ယင်းပြဌာန်းချက်၏ အဓိက လိုလားချက်မှာ ကလေးတစ်ယောက် စားနေသည်ကို မြင်ပြီး နောက်ကလေးတစ်ယောက်ကလည်း စားချင်စိတ်ဖြစ်မည်။ သူစားလိုလျှင် မိဘပူဆာတတ်သည့်ကလေးဖြစ်ပါက မိဘကို ဝယ်ကျွေးခိုင်းမည်။ မိဘက လောလောဆယ် မကျွေးနိုင်လျှင် ကလေး၏ စိတ်တွင်းဝယ် စားလိုစိတ်ဖြစ်ပါလျှက် မစားရခြင်းကြောင့် မခံချိမခံသာ ဖြစ်နေမည်။ မိဘဖြစ်သူမှာလည်း ငါ့ကလေးကို မဝယ်ကျွေးနိုင်ရကောင်းလားဟု စိတ်ခံစားရမည်။ ဤသည်မှာ ကလေးတစ်ဦး လမ်းပေါ်မုန့်ထွက်စားခြင်းကြောင့် အခြားသူများတွင် ခံစားရသည့် စိတ်ခံစားချက်ဖြစ်သည်။ အစ္စလာမ်က ဤသို့နောက်တစ်ယောက် စိတ်ခံစားရခြင်းကို မလိုလားပေ။ ထို့ကြောင့် ပင်မလုပ်ရပ်ဖြစ်သည့် လမ်းပေါ်မုန့်ထွက်စားခြင်းကို တားခိုင်းထားသည်။ မိဘကို ပူဆာတတ်သူမဟုတ်ဘဲ လုစားတတ်သူဖြစ်လျှင် အခြေအနေက ဒီ့ထက်ပို၍ ရှုပ်ထွေးမည်မှာ အမှန်ပင်ဖြစ်သည်။ လုစားတာကို မပေးခြင်းကြောင့် ကလေးချင်း ရန်ဖြစ်မည်။ ကလေးများရန်ဖြစ်လျှင် လူကြီးများက နောက်ဆက်တွဲပါလာမည်မှာ မလွဲပေ။ လူကြီးများပါလာလျှင် ရိုက်ပွဲ၊ သတ်ပွဲများမဖြစ်အောင် ပတ်ဝန်းကျင်က ဆုတောင်းနေရသည်။ ထို့ကြောင့် ပင်မလုပ်ရပ်ကို အစ္စလာမ်က တားထားခြင်းဖြစ်သည်။ အိမ်နီးချင်းဆိုင်ရာ တာဝန်တွင် ဟင်းချက်လျှင် ဟင်းရနံ့ သင်းပျံ့နေအောင် မချက်နှင့်။ ဟင်းရနံ့သင်းပျံ့ခဲ့ပါက ရေအနည်းငယ်ပိုထည့်၍ အိမ်နီးချင်းများကိုပါ ဝေငှရန် တိုက်တွန်းထားသည်။ အစ္စလာမ့်လူမှုရေးစနစ်တွင် လူတစ်ဦးနှင့် တစ်ဦးတွေ့ဆုံချိန် မင်္ဂလာရှိသော နှုတ်ဆက်စကားဆိုရန် တာဝန်ပေးထားသည်။ အစ္စလာမုအလိုင်းကွမ်း ဝရဟ်မသုလ္လာဟ် ဟုဆိုလျှက် တစ်ဖက်သားအတွက် တောင်းဆုပြုပေးရမည်။ အစ္စလာမ့်နှုတ်ဆက်စကားသည် ရှေ့ကလူအတွက် အကျိုးရှိစေသည့် ဆုတောင်းတစ်ခုပင် ဖြစ်သည်။ နှုတ်ဆက်စကားဆိုရာတွင် အရင်ဆိုသူက ကုသိုလ်ပိုရမည်ဟု ပြဌာန်းထားသည်။ အကြီးက အငယ်ကို၊ အုပ်ချုပ်သူက အုပ်ချုပ်ခံကို၊ သမ္မတက ပြည်သူပြည်သားများကို နှုတ်ခွန်းဆက်သနိုင်သည်။ ဤသည်မှာလည်း အစ္စလာမ့်လူမှုရေးစနစ်တွင်ပါဝင်သည့် ယဉ်ကျေးမှုစနစ်တစ်ရပ်ဖြစ်၏။ အသံကျယ်ကျယ်စကားပြောခြင်းကို အစ္စလာမ်က မနှစ်သက်။ လိုအပ်လျှင် လိုအပ်သလောက် ကျယ်ခွင့်ရှိပြီး မလိုအပ်ပါက ညင်သာစွာ စကားဆိုရမည်။ အစ္စလာမ်တွင် တစ်ဦးစကားကို နောက်တစ်ဦးက ချောင်းမြောင်း နားမထောင်ရန်၊ လျှို့ဝှက်စကားများကို မဖော်ထုတ်ရန်၊ တစ်ဦး၏ ချို့ယွင်းချက်ကို နောက်တစ်ဦးက ဖုံးပေးရန်၊ လူတစ်ဦးဦးနှင့်ပတ်သက်၍ မေးမြန်းလာလျှင် ကောင်းရာကောင်းကြောင်းကိုသာ ပြောဆိုပေးရန် အထူးမိန့်ထားသည်။ လူမှုရေးတွင် အိမ်ထောင်ကဏ္ဍလည်း ပါဝင်သည်ဖြစ်ရာ ထိမ်းမြားမှုပိုင်းတွင် လူတစ်ဦး စကားကမ်းလှမ်းထားသည်ကို နောက်တစ်ဦးက ကြားဖြတ်ကမ်းလှမ်းခြင်းမပြုရ။ လူတစ်ဦးက တစ်ဦးတစ်ယောက်နှင့် ထိမ်းမြားရန် ရည်ရွယ်နေသည်ကို အခြားတစ်ယောက်ဖြင့် စွဲဆောင်ခြင်း မပြုရ။ ထိမ်းမြားမှုပျက်ပြားစေရန် ပြစ်ချက်ဖော်ထုတ်ခြင်း မပြုရ။ လင်ရှိမယားနှင့် မယားရှိလင်တို့ကို လက်ထပ်ရန်အတွက် ၎င်းတို့ကွာရှင်းသွားရန် သွေးထိုးလှုံဆော်ခြင်း မပြုရဟု သတ်မှတ်ပြဌာန်းထားသည်။ မယားရှိလင်ကို လက်ထပ်ပြီး မယားကြီးနှင့် ကွဲရန် အမျိုးမျိုးသွေးထိုးနေသည်များ၊ သူများမယားကို ကြာခိုရန်အတွက် လင်နှင့် ပြဿနာတတ်ရန် ရန်တိုက်ပေးခြင်းများသည် ယနေ့လူ့ပတ်ဝန်းကျင်တွင် ဆေးမရှိသည့် ကူးစက်ရောဂါဖြစ်နေသည်။ ယင်း၏ ဆေးနည်းသည် အစ္စလာမ်တွင် ရှိပါသည်။ ယင်းဆေးနည်းကို လူတိုင်း သောက်သုံးနိုင်ပါသည်။


အချုပ်ဆိုရသော် သာယာဖြောင့်ဖြူးကာ လူပီသသည့် လူ့ဘဝတစ်ခုတည်ဆောက်ရန်အတွက် လိုအပ်သော အခြေခံစည်းမျဉ်းများ၊ နည်းစနစ်များကို အစ္စလာမ်တွင် ပြဌာန်းပေးထားသည်။ လူတိုင်း လူတိုင်းသည် အစ္စလာမ့်၏ အရသာအစစ်အမှန်ကို မြည်းစမ်းနိုင်ရန် အစ္စလာမ့်ရသကို တတ်သိပညာလေးများစုစည်းကာ ဖော်ပြပေးလိုက်ပါသည်။ အစ္စလာမ်ဟူသည် နေရာတစ်ခု၊ လူတစ်စုအတွက်ပဲ သီးသန့်ချပေးထားသည့် ဘာသာတစ်ခုမဟုတ်ပါ။ လူသားမှန်လျှင် အားလုံးကျင့်နိုင်သည့် စိတ်ချမ်းမြေ့ရေး လမ်းစဉ်၊ သာယာသည့် လူပတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်သည့် လူနေမှုစနစ်တစ်ခုဖြစ်ပါသည်။ လူသားအားလုံး အစ္စလာမ့်၏ နည်းစနစ်နှင့် အစ္စလာမ် အစစ်အမှန်ကို သိမြင်စေရန် ရည်ရွယ်ရင်း အစ္စလာမ်၏ သတ်မှတ်ချက်များကို အကျဉ်းချုံဖော်ပြ၍ ဤဆောင်းပါးကို နိဂုံးချုပ်အပ်ပါသည်။ 


Credit; အလ်မုဖီးဒ်

အခ်လားက် ကိုယ်ကျင့်တရားများ လူတိုင်းအတွက်အစ္စလာမ်

💬 0 comments

Recent Posts

No recent posts available.

Comments