Jul 25, 2025
ဟလာလ်၊ ဟရာမ် အစားအသောက်များ
'ဟလာလ်'အစားအစာ စားသောက်ခြင်းဖြင့် 'ဗရ်ကသ်'တိုးပွားမှု မင်္ဂလာဖြစ်စေ၍ 'ဟရာမ်'အစားအစာ စားသောက်ခြင်းဖြင့် 'အမင်္ဂလာ' ဆုတ်ယုတ်မှုကိုဖြစ်ပေါ်စေပါသည်။ ကုရ်အာန်ကျမ်းတော်မြတ်တွင် 'ဟရာမ်' (Unlawful)အစားအစာ စားသောက်ခြင်းကို တားမြစ်ထားပြီး 'ဟလာလ်' (Lawful)နှင့် သန့်ရှင်းသောအစားအစာများကိုသာ စားသောက်ရန် ထိုသို့စားသောက်ပြီး အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရန် တိုက်တွန်းနှိုးဆော်ထားပါသည်။
အဘယ်ကြောင့်ဆိုသော် 'ဟရာမ်'အစားအစာ စားသောက်ခြင်းဖြင့် စိတ်နှလုံးသားကိုညစ်ညမ်းစေ၍ မကောင်းသောစိတ်ထားနှင့်မကောင်းသောကိုယ်ကျင့်တရားများကိုဖြစ်ပေါ်စေပါသည်။ 'အိဗာဒသ်' ကောင်းသောကိုယ်ကျင့်တရားများ ဆောက်တည်လိုစိတ်ကုန်ဆုံးစေ၍ ထိုသူ၏ 'ဒုအာ'တောင်းဆုများကိုလည်း အလ္လာဟ်အရှင်မြတ်က လက်မခံသည့်အတွက် တောင်းဆုပြည့်မည်မဟုတ်ပါ။
ထိုနည်းတူစွာ 'ဟလာလ်'သန့်ရှင်းသောအစားအစာကို စားသောက်ခြင်းဖြင့် ထိုသူ၏စိတ်နှလုံးသားတွင် 'နူရ်' အလင်းတရားကို ဖြစ်ပေါ်စေသည့်အတွက် မကောင်းသောကိုယ်ကျင့်တရားများနှင့် ညစ်ညမ်းသောစိတ်ထားများကို ရွံ့ရှာမှုဖြစ်ပေါ်စေပါသည်။ ကောင်းသောကိုယ်ကျင့်တရားများနှင့် မွန်မြတ်သောစိတ်ထားကိုဖြစ်ပေါ်စေပါသည်။ 'အိဗာဒသ်' ကောင်းသောကိုယ်ကျင့်တရားများဆောက်တည်လိုစိတ်ကိုလည်းဖြစ်ပေါ်စေပါသည်။ မကောင်းမှုများနှင့်ကြုံကြိုက်ရပါကလည်း စိတ်ကိုတုန်လှုပ်ချောက်ချားစေသည်။ 'ဟလာလ်'စားသောက်သူ၏'ဒုအာ' တောင်းဆုများကို အလ္လာဟ်အရှင်မြတ်လက်ခံသည့်အတွက် ဆုတောင်းပြည့်မည်။
ထို့ကြောင့် မြင့်မြတ်မှန်ကန်တော်မူသောအလ္လာဟ်အရှင်မြတ်သည် ဤလောကကမ္ဘာမြေသို့စေလွှတ်သော တမန်တော်အဆူဆူကို ဤသို့ ဗျာဒိတ်တော်ချမှတ်တော်မူခဲ့သည်။
အဓိပ္ပါယ်။ ။အို-ရစူလ်တမန်တော်အပေါင်းတို့၊ အသင်တို့သည် (ဟလာလ်)စင်ကြယ်သန့်ရှင်းသောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြလေကုန်။ (ကုရ်အာန် ၂၃း၅၁)
အထက်ပါ ဗျာဒိတ်တော်တွင် ကောင်းမြတ်သောကိုယ်ကျင့်သီလများဆောက်တည်ရာတွင် 'ဟလာလ်'သန့်ရှင်းသောအစားအစာမှာ အရေးပါကြောင်း ညွှန်းဆိုနေပါသည်။ ထိုနည်းတူစွာ တောင်းဆုများ ပြည့်ရန် 'ဟလာလ်'သန့်ရှင်းသောအစားအစာမှာ အရေးကြီးပါသည်။ 'ဟရာမ်'မသန့်ရှင်းသောအစားအစာသည် တောင်းဆုပြည့်မှုတွင် အတားအဆီးဖြစ်စေပါသည်။
တမန်တော်မြတ်(ﷺ)ကမိန့်တော်မူသည်မှာ-
''လူတစ်ဦးသည် ခရီးဝေးနှင်၍နွမ်းနယ်နေသောအခြေအနေ ဖုန်လူးပေနေသောအခြေအနေနှင့် မိုးကောင်းကင်ဘက်လက်ကိုပင့်မြှောက်၍ (အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးတွင်တောင်းခံသည်။) အို-မွေးမြူ တော်မူသောအရှင်၊ အို-မွေးမြူတော်မူသောအရှင်ဟု ဟစ်ခေါ်သည်။ ထိုသူ၏အစားအစာမှာ 'ဟရာမ်'၊ ထိုသူ၏သောက်စရာမှာ 'ဟရာမ်'၊ ထိုသူ၏အဝတ်အစားမှာ'ဟရာမ်'၊ 'ဟရာမ်'ဖြင့်သာ အဟာရမှီဝဲခဲ့သော် ထိုသို့သောအခြေအနေဖြင့် ၎င်း၏ဆု'ဒုအာ'မှာ မည်သို့လက်ခံခြင်းခံရမည်နည်း။ (ပြည့်၀မည်နည်း) (မုစ်လင်မ်ကျမ်း၊ သိရ်မိဇီကျမ်း)
ထို့ကြောင့် အစားအသောက်နှင့်ပတ်သက်၍ မည်သည့်အရာသည် တရားတော်အရစားပိုင်ခွင့်(Permissible)ရှိသည့် 'ဟလာလ်' အစားအစာဖြစ်၍ မည်သည့်အရာသည် တရားတော်က(Prohibition) တားမြစ်ထားသော 'ဟရာမ်'အစားအစာဖြစ်သည်ကို ကောင်းစွာသိရှိရန် လိုအပ်အရေးကြီးပါသည်။ အဆိုပါ 'ဟလာလ်'၊ 'ဟရာမ်' အစားအစာများနှင့်ပတ်သက်၍ တရားတော်၌ပါရှိသည့် အမိန့်ပညတ်များနှင့် ဓမ္မသတ်များကို ရှေ့တွင်အကျယ်တဝင့်ဖော်ပြပါမည်။
တိရစ္ဆာန်များတွင် စားပိုင်^မစားပိုင်အခြေခံစည်းကမ်းဥပဒေများမှာ-ရေနေတိရစ္ဆာန် ဟနဖီလမ်းစဉ်အရ ရေနေတိရစ္ဆ...
အကယ်၍ တိရစ္ဆာန်အား "ဇဗဟ်"ပြုခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ရိုသေလေးမြတ်မှုထားသည့်ရည်ရွယ်ချက်ဖြ...
တိရစ္ဆာန်များအပြင် အခြားသောအသီးအနှံ စားသောက်ဖွယ်ရာများကို ဆင်းတုများရှေ့ ပူဇော်ဆက်ကပ်ကြသည်။ မုစ်လင်မ...