Categories

Jul 25, 2025

Blog Image
ဟလာလ်/ဟရာမ်နှင့် မရှ်ဗူးဟ် သံသယဖြစ်ဖွယ်များအ‌ကြောင်း

ဟလာလ်

ဟလာလ် ဆိုသည်မှာ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ခိုင်မာသော ဟဒီးဆ်တော်များအရ 'ဟရာမ်'ဟုတားမြစ်ထားခြင်းမရှိသောအရာ၊ အသုံးပြုရန်ခွင့်ပြုထားသောအရာများကိုခေါ်ပါသည်။ ဥပမာ-

၁။ ကုလားအုတ်၊ နွား၊ ကျွဲ၊ ဆိတ်တို့၏အသားနှင့်နို့။

၂။ ပျားရည်

၃။ ငါး

၄။ မူးယစ်ထုံထိုင်းစေခြင်းမရှိသော အသီး၊ အရွက်၊ အပင်များ

၅။ လတ်ဆတ်သောအသီးအရွက်များ

၆။ အခြောက်ခံထားသောအသီးအရွက်များ

၇။ အချိုအစိမ့်နှင့်အင်အားဖြစ်စေသောအသီးအစေ့များ ဥပမာ-ဗာဒန်၊ ကစ်မစ်၊ မြေပဲ၊ ပဲမျိုးစုံ

၈။ အားဖြစ်စေသော အစာများ ဥပမာ-ဂျုံ၊ ဆန်၊ ပြောင်း၊ မုယော

၉။ အသားဖြစ်လျှင် စနစ်တကျ 'ဇဗဟ်'ပြုလုပ်ထားသောအသားများ စသည်တို့ဖြစ်ပါသည်။


ဟရာမ်

'ဟရာမ်'ဆိုသည်မှာ 'ဟလာလ်'နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ခိုင်မာသောဟဒီးဆ်တော်များအရ စားသုံးခြင်းမပြုရန်တားမြစ်ထားသောအရာများ၊ ရှောင်ကြဉ်ရန်ညွှန်ကြားထားသောအရာများကိုခေါ်ပါသည်။ ဥပမာ-

၁။ ဝက်၊ တောဝက်၊ ခွေးနှင့် အခြားတားမြစ်ထားသော တိရစ္ဆာန်များ၏ အသားနှင့်နို့။

၂။ သွား၊ ခြေသည်းများဖြင့်ကုတ်ဖဲ့စားသောက်တတ်သော သားရဲတိရစ္ဆာန်များ၊ ဥပမာ- ကျား၊ ခြင်္သေ့၊ ကျားသစ်နှင့် အလားတူ အခြားတိရစ္ဆာန်များ၊

၃။ ခြေသည်းများဖြင့် ကုတ်ဖဲ့စားသောက်တတ်သောငှက်များ၊  ဥပမာ- သိန်း၊ စွန်၊ လင်းတနှင့် အလားတူအခြားငှက်များ၊

၄။ လူကိုအန္တရာယ်ပြုတတ်သောတိရစ္ဆာန်များ၊ ဥပမာ- ကင်း၊ ကြွက်နှင့်အလားတူအခြားတိရစ္ဆာန်များ၊ 

၅။ အစ္စလာမ်တရားတော်၌ မသတ်ဖြတ်ရန်တားမြစ်ထားသော တိရစ္ဆာန်များ၊ ဥပမာ- ပုရွက်ဆိတ်၊ ပျားကောင်၊ ဖား၊

၆။ ရွံ့ရှာစရာကောင်းသော တိရစ္ဆာန်များ၊ ဥပမာ- သန်း၊ ယင်ကောင်နှင့် အခြားပိုးမွှားတိရစ္ဆာန်များ၊

၇။ ကုန်း၊ ရေ နှစ်နေရာစလုံးနေတတ်သည့်တိရစ္ဆာန်များ၊ ဥပမာ- ဖား၊ မိကျောင်းနှင့်အလားတူအခြားတိရစ္ဆာန်များ

၈။ အိမ်မွေးမြည်းနှင့် မျောက်၊

၉။ အန္တရာယ်ဖြစ်စေနိုင်သော အဆိပ်ရှိသတ္တဝါများ၊ ဥပမာ- မြွေ၊ ကင်းမြီးကောက်၊ တောက်တဲ့နှင့်အလားတူအခြားတိရစ္ဆာန်များ။

၁၀။ တရားတော်၏ညွှန်ကြားထားသောနည်းစနစ်အတိုင်း 'ဇဗဟ်'မပြုလုပ်ထားသော 'ဟလာလ်'သားကောင်၏အသား။

၁၁။ အသေသား၊ လည်မျိုညှစ်၍သို့မဟုတ် အခြားနည်းဖြင့်သတ်ဖြတ်ထားသောတိရစ္ဆာန်၊ ရောဂါကြောင့်ဖြစ်စေ၊ အခြားတိရစ္ဆာန် သို့မဟုတ် လူတို့ကတိုက်ခိုက်သတ်ဖြတ်ခြင်းကြောင့်ဖြစ်စေ၊ အမြင့်မှပြုတ်ကျ၍ဖြစ်စေ သေသွားသောတိရစ္ဆာန်၏အသား။

၁၂။ သွေး၊

၁၃။  လူ၏ခန္ဓာကိုယ်အစိတ်အပိုင်း၊ သို့မဟုတ် လူ့ခန္ဓာကိုယ်မှ ထုတ်ယူထားသောအရာ၊ (လူ့ဂုဏ်သိက္ခာကို ရိုသေလေးစားသောအားဖြင့် အသုံးချခြင်းမပြုပိုင်)

၁၄။ လူနှင့်တိရစ္ဆာန်တို့မှထွက်လာသောအညစ်အကြေး၊ ဥပမာ- ကျင်ကြီး၊ ကျင်ငယ်၊ အန်ထားသောအရာ၊ သွေး၊ပြည်စသည်များ၊

၁၅။ မူးယစ်ထုံထိုင်းစေသောအရာများ၊

၁၆။ အလ်ကိုဟောလ်ပါဝင်သော သောက်သုံးစရာအရည်များ၊ ဥပမာ-(အရက်၊ ဘီယာနှင့် အလ်ကိုဟောလ်ပါဝင်သောအခြားအရည်များ)

၁၇။ အထက်ဖော်ပြပါအရာများအနက်မှတစ်ခုခုဖြင့် ရောစပ် စီမံထားသော အခြားစားသောက်ကုန်များ။


'မရှ်ဗူးဟ်' သံသယဖြစ်ဖွယ်ရာများ

အချို့သောအရာများမှာ 'ဟလာလ်'ဖြစ်ကြောင်း၊ သို့မဟုတ် 'ဟရာမ်'ဖြစ်ကြောင်း ထင်းရှားစွာသိရှိရပါသည်။ သို့သော်အချို့ သောအရာများမှာ 'ဟလာလ်' 'ဟရာမ်' ဖြစ်ကြောင်းမထင်ရှားသည့်အတွက် ထိုအရာများကို 'မက်ရှ်ကူးက်' သို့မဟုတ် 'မရှ်ဗူးဟ်' (သံသယဖြစ်ဖွယ်အရာ)ဟု ခေါ်ပါသည်။ 

နေ့စဉ်စားသုံးနေသော အစားအသောက်များတွင် တိရစ္ဆာန်မှထုတ်ယူထားသော အင်ဇိုင်မ်၊ ဂျလတင်းနှင့်ဂလစ်ဆရင်များ ရောစပ်ပါရှိနေလျှင် ထိုအရာများမှာ 'ဟလာလ်'တိရစ္ဆာန်မှ တရားတော်၏နည်းစနစ်အတိုင်း 'ဇဗဟ်'ပြုလုပ်ထားသောတိရစ္ဆာန်များမှလည်းကောင်း၊ အသီးအနှံနှင့်အပင်များမှလည်းကောင်း ထုတ်ယူနိုင်ပါသည်။ သို့သော် ပါဝင်သောပစ္စည်းမှာ 'ဟလာလ်'ပစ္စည်းဖြစ်သည်/မဖြစ်သည်ကို မဝေခွဲနိုင်လျှင် ထိုအစားအသောက်ကို သံသယဖြစ်ဖွယ် 'မက်ရှ်ကူးက်' သို့မဟုတ် 'မရှ်ဗူးဟ်'ဟုခေါ်ပါသည်။ ရောစပ်ပါဝင်သောပစ္စည်းမှာ 'ဟလာလ်'နည်းနှင့်ရယူထားလျှင် ထိုအစားအစာမှာ 'ဟလာလ်'ဖြစ်ပြီး၊ 'ဟရာမ်'နည်းနှင့်ရယူထားသည်ကို အတိအကျသိရလျှင် 'ဟရာမ်'ဖြစ်သည်။ အချို့မှာ 'ဟလာလ်'ဖြစ်သည်၊ 'ဟရာမ်'ဖြစ်သည်ကို အတိအကျမသိရှိနိုင်ဘဲ သံသယဖြစ်လျှင် သတိပြုရန်လိုအပ်ပါသည်။ မှန်ကန်သောယုံကြည်ချက်ရှိသည့် သန့်ရှင်းသောမုစ်လင်မ်တစ်ယောက်အနေဖြင့် ထိုသို့သော သံသယပစ္စည်းများကို ရှောင်ကြဉ်ရပါမည်။ ဗုခါရီကျမ်းတွင် ဤသို့ ဟဒီးဆ်ဩဝါဒတော်တစ်ရပ်လာရှိပါသည်။

حَدَّثَنَا أَبُو نُعَيْمٍ ، ‏‏‏‏‏‏حَدَّثَنَا زَكَرِيَّاءُ ، ‏‏‏‏‏‏عَنْ عَامِرٍ ، ‏‏‏‏‏‏قَالَ:‏‏‏‏ سَمِعْتُ النُّعْمَانَ بْنَ بَشِيرٍ ، ‏‏‏‏‏‏يَقُولُ:‏‏‏‏ سَمِعْتُ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ، ‏‏‏‏‏‏يَقُولُ:‏‏‏‏ الْحَلَالُ بَيِّنٌ وَالْحَرَامُ بَيِّنٌ، ‏‏‏‏‏‏وَبَيْنَهُمَا مُشَبَّهَاتٌ لَا يَعْلَمُهَا كَثِيرٌ مِنَ النَّاسِ، ‏‏‏‏‏‏فَمَنِ اتَّقَى الْمُشَبَّهَاتِ اسْتَبْرَأَ لِدِينِهِ وَعِرْضِهِ، ‏‏‏‏‏‏وَمَنْ وَقَعَ فِي الشُّبُهَاتِ كَرَاعٍ يَرْعَى حَوْلَ الْحِمَى يُوشِكُ أَنْ يُوَاقِعَهُ، ‏‏‏‏‏‏أَلَا وَإِنَّ لِكُلِّ مَلِكٍ حِمًى، ‏‏‏‏‏‏أَلَا إِنَّ حِمَى اللَّهِ فِي أَرْضِهِ مَحَارِمُهُ، ‏‏‏‏‏‏أَلَا وَإِنَّ فِي الْجَسَدِ مُضْغَةً إِذَا صَلَحَتْ صَلَحَ الْجَسَدُ كُلُّهُ وَإِذَا فَسَدَتْ فَسَدَ الْجَسَدُ كُلُّهُ، ‏‏‏‏‏‏أَلَا وَهِيَ الْقَلْبُ


အဓိပ္ပါယ်။  ။နုအ်မာန်ဗင် ဗရှီးရ်(رضي الله تعالى عنه)ထံမှတဆင့် ဆင့်ပြန်ခဲ့ပါသည်။ ၎င်းကပြောသည်မှာ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန် တော်()ထံမှကြားခဲ့ရသည်။ 

တမန်တော်မြတ်()ကမိန့်တော်မူသည်မှာ- ''ဟလာလ်သည် ပွင့်လင်းထင်ရှားစွာရှိသည်။ ဟရာမ်သည်လည်း ပွင့်လင်းထင်ရှားစွာရှိသည်။ ထိုနှစ်ခုအကြားတွင် အချို့မှာသံသယဖြစ်ဖွယ်ရာများဖြစ်သည်။ ထိုအရာများကို လူအတော်များများတို့က (ဟလာလ်ဖြစ်သလား၊ ဟရာမ် ဖြစ်သလားဆိုသည်ကို) မသိရှိကြပါ။ သို့ရှိရာ အကြင်သူသည် ထိုသံသယ ဖြစ်ဖွယ်ရာများကိုရှောင်ကြဉ်လျှင် ထိုသူသည်မိမိ၏သာသနာနှင့်ဂုဏ်သိက္ခာကို ကယ်တင်လိုက်ခြင်းဖြစ်သည်။ အကြင်သူသည် ထိုသံသယ ဖြစ်ဖွယ်ရာများ၌ ဆင်းသက်ရောက်ရှိခဲ့သော် ထိုသူ၏ဥပမာမှာ (ဘုရင်၏ သီးသန့်တားမြစ်နယ်မြေ) စားကျက်အနီး၌ချဉ်းကပ်၍ တိရစ္ဆာန်ကျောင်းသူကဲ့သို့ဖြစ်သည်။ ထို(တားမြစ်နယ်မြေထဲသို့)ကျူးကျော်ဝင်ရောက်သွားနိုင်ပါသည်။ (သို့ဖြစ်ခဲ့လျှင် ထိုသူသည် တရားခံအပြစ်ရှိသူဖြစ်သွားနိုင်ပါသည်။) သတိပြုမှတ်သားကြပါ၊ ဘုရင်တိုင်းအတွက် သီးသန့်(မြေ) စားကျက်မြေဆိုသည်မှာရှိသည်။ သတိပြုမှတ်သားကြပါ၊ အလ္လာဟ်အရှင် မြတ်၏သီးသန့်(မြေ)စားကျက်မြေမှာ ထိုအရှင်၏မြေပေါ်၌ရှိသော ထိုအရှင် ၏ 'ဟရာမ်'တားမြစ်ထားသောအရာများဖြစ်သည်။ (ထိုအရာများမှ ရှောင်ကြဉ်ကြ) မှတ်သားကြပါ၊ ဧကန်ခန္ဓာကိုယ်၌အသားတုံးတစ်ခုရှိသည်၊ ထိုအသားတုံး ကောင်းနေလျှင် ခန္ဓာကိုယ်တစ်ခုလုံးကောင်းနေမည်။ ထိုအသားတုံး ဖောက်ပြန်လျှင် ခန္ဓာကိုယ်တစ်ခုလုံးဖောက်ပြန်မည်။ သတိပြုကြပါ၊ ထိုအသားတုံးမှာ စိတ်နှလုံးသားပင်ဖြစ်သည်။  (ဗုခါရီကျမ်း ဟဒီးဆ် ၅၂)

စားပိုင်/မစားပိုင်ကဏ္ဍ ဟလာလ်/ဟရာမ်နှင့် မရှ်ဗူးဟ်သံသဖြစ်ဖွယ်များအကြောင်း

💬 0 comments

Recent Posts

Blog Image
စားပိုင်/မစားပိုင်တိရစ္ဆာန်များ၏အခြေခံစည်းကမ်း


တိရစ္ဆာန်များတွင် စားပိုင်^မစားပိုင်အခြေခံစည်းကမ်းဥပဒေများမှာ-ရေနေတိရစ္ဆာန် ဟနဖီလမ်းစဉ်အရ ရေနေတိရစ္ဆ...


💬 0 comments More

Blog Image
ဧည့်သည်အတွက်"ဇဗဟ်"ပြုခြင်းဆိုင်ရာအမိန့်


အကယ်၍ တိရစ္ဆာန်အား "ဇဗဟ်"ပြုခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ရိုသေလေးမြတ်မှုထားသည့်ရည်ရွယ်ချက်ဖြ...


💬 0 comments More

Blog Image
အလ္လာဟ်အရှင်မြတ်မှအပအခြားအတွက် "နဇရ်"ကိုးခြင်းနှင့်သက်ဆိုင်သည့်အမိန့်


တိရစ္ဆာန်များအပြင် အခြားသောအသီးအနှံ စားသောက်ဖွယ်ရာများကို ဆင်းတုများရှေ့ ပူဇော်ဆက်ကပ်ကြသည်။ မုစ်လင်မ...


💬 0 comments More

Comments